Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်သန်းခွင့် ပိတ်သိမ်းမည့်အရေး ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်
DVB
·
May 16, 2024
india3_16052025
india1_16052025
india_16052025
india2_16052025

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဇိုခေါသာရ်ရွာမှာ အိန္ဒိယ-မြန်မာ နယ်စပ်ဖြတ်သန်းခွင့် ပိတ်သိမ်းမယ့်အရေးကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ် ရိခေါဒါရ်မြို့(ဟွာငိုးရ်ဒေသ) အန္ဒိယ-မြန်မာ အမှတ်-၂ ချစ်ကြည်ရေး တံတားဘေးက ဇိုခေါသာရ်ရွာမှာ မေ ၁၆ ရက်နေ့ မနက် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

ZO Re-unification Organization(ZORO) အဖွဲ့အစည်းကနေ ဦးဆောင်ပြီး Hualngoram Peoples Organization(HPO) ကနေကြီးမှူးကာ မီဇိုရမ်​ဒေသခံတွေ၊ စစ်ဘေးရှောင်တွေနဲ့ မြန်မာနိုင်ငံသားတွေ အပါအဝင် စုပေါင်းအင်အား ၁ ထောင်ကျော်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဘက်ခြမ်းက နယ်စပ်ခြံစည်းရိုးကာမယ့် ကိစ္စနဲ့ လွတ်လပ်စွာဖြတ်သန်းသွားလာခွင့် (Free Movement Regime-FMR) ပိတ်သိမ်းမယ့် ကိစ္စတွေကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။

“မီဇိုရမ်ဘက်က လူတွေနဲ့ မြန်မာဘက်ခြမ်းကလူတွေက ချင်းတွေ အချင်းချင်းဖြစ်တယ်၊ ကျနော်တို့ ညီကိုအရင်း သွေးရင်းတွေဖြစ်လို့ နယ်စပ်ခြံစည်းရိုးဖြစ်ဖြစ် FMR ဖြစ်ဖြစ် ဖြတ်သိမ်းတာကို ကျနော်တို့ လုံးဝလက်မခံဘူးဆိုတာကို ထုတ်ဖော်တာဖြစ်တယ်၊ အိန္ဒိယအစိုး ရအနေနဲ့ ဒီကိစ္စတွေကို သူတို့ဆက်ပြီးတော့ အတင်းအကျပ် လုပ်လာမယ်ဆိုရင် ကျနော်တို့ဘက်က လုပ်သင့်တာ လုပ်မယ်ဆိုတဲ့အထိ ZORO အဖွဲ့အစည်းကပြောပြခဲ့တယ်” လို့ ဟွာငိုးရ်ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မိုင်ပေါင်း ၁၀၂၀ နီးပါးထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကို ခြံစည်းရိုးကာရံပြီး လွတ်လပ်စွာ သွားလာခွင့်ပိတ်သိမ်းမယ်လို့ အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက်မှာ မီဒီယာတွေကတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံအတွင်းမှာ ထွက်ပြေးခိုလှုံနေရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၆ သောင်းကျော်ရှိတယ်လို့ ချင်းရေးရာအဖွဲ့ ICA ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024