NUG သည် ယနေ့တိုင် နိုင်ငံတကာ အသိုက်အဝန်းမှ ထိရောက်သည့် ထောက်ပံ့မှုများ မရရှိသေးပါ။ အခြားတဖက်မှာတော့ စစ်အုပ်စုသည် အာဏာသိမ်းပြီးကတည်းက အာဏာရှင်နိုင်ငံများ၏ အကူအညီ၊ အထောက်အပံ့များကို ကောင်းစွာရရှိနေသည်။
ဆယ်နှစ်သား ဒီမိုကရေစီကို နာရီပိုင်းအတွင်း ဖျက်ဆီးပစ်လိုက်သည့် အာဏာသိမ်းမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၂ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ သို့ရှိစေကာမူ NUG မှာ အနောက်နိုင်ငံ အစိုးရများ၏ အသိအမှတ်ပြုခြင်းကိုလည်း မခံရ။ လောက်လောက်လားလား အကူအညီများလည်း မရသေးပါ။ ထိုနည်းတူ NUG ၏ တပ်မတော်ဖြစ်သည့် PDF များသည်လည်း မည်သည့်နိုင်ငံတကာထောက်ပံ့မှုမှ မရရှိသေးချေ။ သို့သော် အခြားတဖက်တွင် မြန်မာစစ်ခေါင်းဆောင်များမှာ အာဏာရှင်နိုင်ငံများ၏ ကူညီထောက်ပံ့မှုများကို တနင့်တပိုး လက်ခံရရှိနေပါသည်။
ဧပြီလအတွင်းဖြစ်ပျက်သွားသည့် အဖြစ်အပျက်များအရ စစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုများမှာ ဆတက်ထမ်းပိုး ကြီးထွားလာခဲ့ပြီး မြန်မာပြည်မြောက်ပိုင်းတွင် (ပဇီကြီးရွာ) ကြီးမားသည့် လေကြောင်းတိုက်ခိုက်မှုတခု ဖြစ်ပွားခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြီးကြောင့် အရပ်သား ၁၅၀ ကျော် သေဆုံးခဲ့ရသလို အရှေ့တောင်အာရှရှိ အဖိနှိပ်ဆုံးသော အုပ်ချုပ်သူ၏ အရက်စက်ဆုံး လုပ်ရပ်တခုအဖြစ်လည်း ရှုမြင်နိုင်ခဲ့ပါသည်။
ယခုလို စစ်အုပ်စု၏ ရပ်တည်နိုင်စွမ်းနှင့် NUG ၏ နိုင်ငံတကာအကူအညီရရှိမှု ကင်းမဲ့နေရခြင်းသည် ပြည်တွင်းရေးကိစ္စရပ်များကြောင့်ပဲတော့ မဟုတ်ပါ။ ထိုသို့ဖြစ်ရသည်မှာ နိုင်ငံတကာစနစ်တွင် ကြီးကြီးမားမား ပြောင်းလဲမှုများကြောင့်လည်း ဖြစ်သည်။ ဆိုလိုသည်မှာ ကမ္ဘာ့နိုင်ငံရေးတွင် အာဏာရှင်လက်သစ်အုပ်စု ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ဤနေရာတွင် အာဏာရှင်လက်သစ်အုပ်စုဆိုသည်မှာ အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ရုရှား၊ အီရန်နှင့် မြောက်ကိုရီးယား၊ ဘယ်လာရုစ်၊ မြန်မာတို့ ဖြစ်ကြသည်။ ဤအုပ်စုသစ်မှာ တရားဝင်မဟာမိတ် (သို့) ဝင်ရိုးစွန်းအဖွဲ့ မဟုတ်ပါ။ သို့တိုင် ထိုအုပ်စုမှာ အကျိုးစီးပွားချင်း မျှဝေကြသလို ၎င်းတို့အနီးနားရှိ နိုင်ငံအများအပေါ် စိုးမိုးခြယ်လှယ်ခြင်း၊ အနောက်အုပ်စုကို မထီလေးစားပြုခြင်း စသည်တို့တွင် အတူတူပဲဖြစ်ကြသည်။ ထိုဝိသေသများရှိသော အာဏာရှင်လက်သစ်အုပ်စုသည် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ မကြာမီကာလကတည်းက ထင်ထင်ရှားရှား ပေါ်ထွက်လာကြပါသည်။
ပြီးခဲ့သည့်နှစ် ယူကရိန်းကို မကျူးကျော်ခင်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ရုရှားခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံကာ အနာဂတ်တွင် တရုတ်-ရုရှား ဆက်ဆံရေး၌ မည်သည့်ကန့်သတ်ချက်မျှ ထားမည်မဟုတ်ဟု ထုတ်ပြန်ခဲ့ကြသည်။ ပြီးခဲ့သည့်လကလည်း ရှီကျင့်ဖျင်က တရုတ်သည် အနာဂတ် ကမ္ဘာ့အစီအစဉ်ကို စောင့်ကြပ်ဖို့ အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ခြုံငုံပြောရလျှင် အာဏာရှင်နိုင်ငံများသည် ကမ္ဘာကြီးတွင် လက်ရဲဇက်ရဲ လုပ်လာခဲ့ကြသလို သူတို့အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုများမှာလည်း အရှိန်အဟုန်နှင့် တိုးတက်လာခဲ့သည်။ ဆော်ဒီအာရေဗျနှင့် အီရန်ကိစ္စတွင် တရုတ်၏ ကြားဝင်စေ့စပ်မှု၊ ယူကရိန်းစစ်ပွဲတွင် ရုရှားအတွက် အီရန်က ဒရုန်းများရောင်းချပေးမှု၊ AI အသုံးပြု စောင့်ကြပ်ရေး နည်းပညာများကို တရုတ်ကနေ အီရန်ကို ရောင်းချမှု၊ စသည့်ဖြစ်ရပ်များမှာ အနှီအာဏာရှင်အုပ်စု အချင်းချင်းကြား ပူးပေါင်းမှု၊ ထောက်ပံ့မှု၊ အပြန်အလှန် ချိတ်ဆက်မှုများကို အထင်းသား ဖော်ပြနေသော သက်သေများလည်းဖြစ်သည်။ မြန်မာပြည်ရှိ စစ်အုပ်စုသည်လည်း အာဏာသိမ်းပြီးချိန်မှစ၍ တရုတ်၊ ရုရှား၊ အီရန်တို့နှင့် နီးနီးကပ်ကပ် ဆက်သွယ်ဆောင်ရွက်လာသည်။ ထိုသို့ အနီးကပ် ဆောင်ရွက်မှုများသည် စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် မရှိမဖြစ် လိုအပ်သည်မှာ အငြင်းပွားစရာပင် မရှိပေ။
တရုတ်နိုင်ငံသည် စစ်အုပ်စုကို သံတမန်နည်းဖြင့် ထောက်ပံ့ရုံတင်မက ခေတ်မီထောက်လှမ်းရေး ပစ္စည်းများကိုလည်း ပံ့ပိုးပေးသလို “Golden Firewall” တည်ဆောက်ရာတွင် ကူညီရန် နည်းပညာရှင်များကိုလည်း စေလွှတ်ကူညီလျက်ရှိသည်။ ထိုမျှမက မြန်မာပြည်က သံတမန်များကိုလည်း သင်တန်းပေးလျက်ရှိသည်။ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီကို လက်နက်များ ထောက်ပံ့ထားကြောင်း UN က စွပ်စွဲထားပါသည်။ တရုတ်၏ မြန်မာစစ်အုပ်စုနှင့် ဆက်နွှယ်မှုများမှာ ရှုပ်ထွေးပြီး ပြောင်းလဲမှုများစွာလည်း ရှိသည်။ တရုတ်နှင့် တရုတ်နယ်စပ်က မြောက်ပိုင်း EAO အဖွဲ့များ၏ ဆက်ဆံရေးလိုပင် ဖြစ်သည်။ သို့တိုင် အများစုကတော့ ဘေဂျင်းအစိုးရသည် နောင်ကာလတလျှောက်လုံး စစ်အုပ်စုဘက်မှ မားမားမတ်မတ် ရပ်တည်သွားဦးမည်ဖြစ်ပြီး စစ်အာဏာသိမ်းချိန်ကစလို့ ယနေ့တိုင် စစ်အုပ်စုကို အခိုင်အမာ ထောက်ပံ့ပေးနေကြောင်း ယူဆကြပါသည်။
အလားတူ ရုရှားသည်လည်း အာဏာသိမ်းချိန်မှစ၍ စစ်အုပ်စုကို လက်နက်နှင့်ပတ်သက်၍ အကြီးအကျယ် ထောက်ပံ့ပေးလျက်ရှိသည်။ ရုရှားနိုင်ငံ၏ အကြီးတန်း စစ်ဘက်ဆိုင်ရာ အဖွဲ့သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတုန်းက မြန်မာစစ်အုပ်စုထံ လာရောက်ခဲ့သေးသည်။ ယူကရိန်းနှင့် စစ်ဖြစ်ချိန်ကစလို့ စစ်အုပ်စုကို ယခင်ကလို ကြီးကြီးမားမား မထောက်ပံ့တော့သည့်တိုင် ကုလလုံခြုံရေးကောင်စီတွင်မူ NUG အသာစီးရစေမည့် မဲမှန်သမျှကို ၎င်း၏ ဗီတိုအာဏာကို သုံးကာ ပယ်ချခြင်းဖြင့် စစ်အုပ်စုဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြနေပါသည်။ ရုရှားသည် စစ်အုပ်စုကို ရေနံနှင့် ဓာတ်ငွေ့ တော်တော်များများ ထောက်ပံ့နေသည့်အပြင် နျူးကလီးယားစွမ်းအင် အစီအစဉ်များတွင်လည်း စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိနေကြသည်ဟု မကြာသေးမီက သတင်းများအရ ကြားသိရှိရသည်။
ဒေသတွင်း ကျွမ်းကျင်သူများ၏ အဆိုအရ အီရန်နိုင်ငံသည်လည်း မြန်မာစစ်အုပ်စုကို လက်နက်များ ပေးပို့နေသည်ဟု ဆိုသည်။ ၂၀၂၁ နှောင်းပိုင်းနှင့် ၂၀၂၂ အကြားတွင် အီရန်စစ်ဘက်အရာရှိများသည် မြန်မာစစ်အုပ်စုထံသို့ အခေါက်ရေ တော်တော်များများ လာရောက်ခဲ့ကြသည်။ လွန်ခဲ့သော သုံးနှစ်ကျော်မှစ၍ အီရန်နိုင်ငံသည် ကိစ္စတော်တော်များများနှင့် ပတ်သက်လာပါက ရုရှား၊ တရုတ်တို့နှင့် ပို၍ ပူးပေါင်းမှု အားကောင်းလာသည်။ မြန်မာလိုပင် အီရန်နိုင်ငံသည်လည်း ရုရှား၊ တရုတ်တို့၏ အကူအညီဖြင့် သူ၏ ကိုယ်ပိုင်အင်တာနက် တည်ဆောက်ရန် လုံးပန်းလျက်ရှိသည်။ မြောက်ကိုရီးယားသည်လည်း ဟိုးယခင်တုန်းက မြန်မာစစ်တပ်ကို လက်နက်ထောက်ပံ့မှုများ ရှိခဲ့ပြီး စစ်အုပ်စုနှင့်လည်း ဆယ်စုနှစ် ၂ ခုကျော်ကြာ နျူးကလီးယားအရေး ပူးပေါင်းဆောင်ရွက်ခဲ့သည့် နိုင်ငံတနိုင်ငံ ဖြစ်သည်။
လက်ရှိ မြန်မာစစ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ASEAN ၏ တုံ့ပြန်မှုမှာ ရောထွေးနေသည်။ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့လို စစ်အုပ်စုအပေါ် သွယ်ဝိုက်ထောက်ခံမှုများ ရှိသည့် နိုင်ငံများရှိသလို အင်ဒိုနီးရှားနှင့် မလေးရှားလို နှိုင်းနှိုင်းချိန်ချိန် လုပ်ဆောင်သော နိုင်ငံများလည်း ရှိနေပါသည်။ မည်သို့ဖြစ်စေ ASEAN အဖွဲ့ဝင် နိုင်ငံအားလုံးသည် ရုရှား၊ တရုတ်တို့နှင့် ဆက်ဆံရေးကောင်းများ ထူထောင်ထားကြပါသည်။
နိုင်ငံခြားရေးကောင်စီ၏ မကြာမီက ထုတ်ပြန်ချက်အရ မြန်မာ့အရေးအပေါ် ASEAN ၏ တုံ့ပြန်ချက်မှာ လုံးဝကျရှုံးသွားပြီဖြစ်သည်။ ၂၀၂၁ ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ASEAN ခေါင်းဆောင်များ သဘောတူထားသော ဘုံသဘောတူညီချက်ငါးချက်သည် ၂ နှစ်ကျော် ကြာလာသည့်တိုင် စစ်အုပ်စုက တချက်မှ အကောင်အထည်ဖော်ခဲ့ခြင်း မရှိပါ။ ASEAN အဖွဲ့ဝင်အချို့၏ စစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ၊ မြန်မာ့အရေးကိစ္စ ပေါ်လစီအရွေ့ဖြစ်ဖို့ ဘုံသဘောတူညီချက် လိုအပ်နေမှုများ စသည်တို့ကို ထောက်ရှုကြည့်လျှင် ASEAN သည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိဟု အခိုင်အမာ ပြောနိုင်ပါသည်။ ထို့အပြင် ASEAN နှင့် NUG အကြား ဆက်ဆံရေးမှာလည်း မတည်ငြိမ်သေးပေ။ သတိပြုစရာကောင်းသည်မှာ ASEAN တွင် မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်လာသည့် အချက်ဖြစ်သည်။ မြန်မာ့လူ့အခွင့်အရေး အခြေအနေ အောက်သို့ ထိုးဆိုက်နေသည့်ကာလ ၁၉၉၀ တွင် မြန်မာနိုင်ငံသည် ASEAN အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်း အိန္ဒိယမှာ ၎င်း၏ အရှေ့ဘက်နယ်စပ်တလျှောက် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့်ပတ်သတ်၍ ရေငုံနှုတ်ပိတ်လျက်ရှိသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ထုတ်ပြန်ချက်များအရ NUG သည် နိုင်ငံနယ်မြေတဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရသည်။ သို့တိုင် NUG ကို နိုင်ငံတကာမှ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခြင်း မရှိကြသေးပေ။ PDF များမှာလည်း အိမ်နီးချင်းနိုင်ငံများ၊ အနောက်နိုင်ငံများဆီကပါ ထိရောက်သည့် အထောက်အပံ့များ မရရှိသေးပါ။ NUG ၏ ကာကွယ်ရေးဝန်ကြီး ကိုယ်တိုင် ယူကရိန်းအခြေအနေကို နှိုင်းယှဥ်ပြကာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် သူတို့ကို လက်နက်ထောက်ပံ့ပေးကြဖို့ ပွင့်ပွင့်လင်းလင်း တောင်းဆိုထားသည်။ NUG တွင်ရော PDF မှာပါ ယူကရိန်းသမ္မတ ဇလန်းစကီးလို လုပ်ဆောင်နိုင်သည့် ခေါင်းဆောင်မျိုး မရှိတာ အမှန်ပါ။ သို့သော် ထိုသို့မရှိခြင်းကြောင့် နိုင်ငံတကာ၏ လျစ်လျူရှုမှု ခံရသည်ဟု အကြောင်းမပြနိုင်ပေ။ NUG နှင့် နိုင်ငံတကာ အစိုးရတချို့အကြား လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးမှုများရှိသလို နိုင်ငံရေးသြဇာ ကြီးမားသော အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အရှေ့မြောက်အာရှရှိ နိုင်ငံရေးသမားများအနက် ထောက်ခံသူတချို့လည်း ရရှိထားပါသည်။ သို့သော် ဥရောပသမဂ္ဂ၏ နယ်စပ်တလျှောက် ဖြစ်ပွားသော ယူကရိန်းစစ်ပွဲကြောင့် မြန်မာ့အရေးကို အာရုံစိုက်မှု နည်းသွားစေခဲ့တော့သည်။
၂၀၂၃ အစောပိုင်းတွင် အမေရိကန်အောက်လွှတ်တော်မှ Burma Act ကို ပြဋ္ဌာန်းပေးခဲ့ရာ NUG နှင့် PDF တို့အတွက် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့ရသည်။ သို့ပါသော်လည်း ဘိုင်ဒင်အစိုးရမှ NUG ကို မြန်မာပြည်၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် ငြင်းဆန်ခြင်းမှာ NUG အတွက် အတားအဆီးကြီး တခုသဖွယ် ဖြစ်လာခဲ့ပါသည်။ တကယ်တော့ လက်ရှိ မြန်မာ့အရေးသည် ဘိုင်ဒင်အစိုးရအတွက် ပထဝီနိုင်ငံရေးအရ အခွင့်အလမ်းတခုလည်း ဖြစ်သည်။ သို့သော် ဘိုင်ဒင်အစိုးရအနေဖြင့် စွန့်စားမှုများ ပြုလုပ်ရန် ဆန္ဒမရှိကြပေ။ သို့ဖြစ်ရာ မြန်မာ့အရေးအပေါ် နိုင်ငံတကာ အသိုက်အဝန်း၏ တုံ့ပြန်မှုကို တခွန်းတည်း ဖော်ပြရမည်ဆိုလျှင် ဂျာနယ်လစ်တယောက် ပြောသလို “သင်္ကြန်အမြောက်ပေါ်လစီသာ” ဖြစ်ပေတော့သည်။ စစ်အုပ်စု၏ ၂ နှစ်ကျော်ကြာ တိုက်ခိုက်မှုများကြောင့် မြန်မာပြည်သူ တသန်းကျော် စစ်ပြေးဒုက္ခသည်ဘဝ ဆိုက်ရောက်နေတာတောင် အနောက်နိုင်ငံများသည် PDF များအတွက် လက်နက်ရောင်းချပေးဖို့ ငြင်းဆန်နေကြတုန်း ဖြစ်သည်။
လေယာဥ်မပျံသန်းရဇုန် သတ်မှတ်ပေးရန် ကြိုးစားမှုများ၊ လက်နက်ရောင်းဝယ်ဖောက်ကားခြင်း ပိတ်ပင်မှုများ၊ စစ်အုပ်စုကို အထီးတည်း ဖြစ်စေရန် လုပ်ဆောင်သော အခြားသောနည်းဗျူဟာများ စသည့် ကြိုးပမ်းမှုမှန်သမျှမှာ စစ်အုပ်စု၏ အာဏာရှင်မိတ်ဘက်နိုင်ငံများ၏ ကဖျက်ကယက် လုပ်ခြင်းကြောင့် ဘာမှ ထိရောက်အောင်မြင်မှု မရှိခဲ့ပါ။ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ၊ အီးယူတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများသည် စစ်အုပ်စုကို အတိုင်းအတာတခုထိ စီးပွားရေးအရ ထိုးနှက်စေခဲ့ပါသည်။ သို့သော် ခြုံငုံကြည့်လိုက်ပါက ထိုလုပ်ဆောင်မှုတို့မှာ မြန်မာတပ်မတော်အပေါ် သိသိသာသာ ပြောင်းလဲသွားစေခြင်း မရှိပါ။
ပြင်ပအကူအညီများနှင့် ပတ်သက်လျှင် မြန်မာတပ်မတော် စစ်အုပ်စုသည် ၎င်း၏ အာဏာရှင်လက်သစ်နိုင်ငံများ၏ အကူအညီ အထောက်အပံ့များကို ကောင်းစွာ ရရှိနေပါသည်။ လောင်စာဆီ၊ လက်နက်များ၊ ထောက်လှမ်းရေးပစ္စည်း၊ နည်းပညာ၊ သံတမန်ရေးထောက်ခံမှု စသည်တို့ကို အာဏာစသိမ်းကတည်းက စစ်အုပ်စုက ရရှိနေပြီး ရှေ့လျှောက် လျော့ပါးသွားမည့် လက္ခဏာ မတွေ့ရသေးပေ။
မြန်မာ့အရေးနှင့် ဆက်စပ်နေသည့် ဒေသတွင်းရော နိုင်ငံတကာပါ အတိုက်အခိုက်အုပ်စုထက် စာလျှင် စစ်အုပ်စုကို ပို၍လိုလားနေကြပါသည်။ ဤအကြောင်းရင်းမှာ နိုင်ငံတကာ အစီအစဥ်တွင် ပြောင်းလဲလာမှုများကြောင့် ဖြစ်သလို အနောက်နိုင်ငံများ၏ NUG အပေါ် ထောက်ပံ့မှု၊ ကုန်ကုန်ပြောရလျှင် အသိအမှတ်မပြုကြခြင်း၏ ရလဒ်ကြောင့်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကတည်းက အနောက်နိုင်ငံခေါင်းဆောင်များ၏ ယူကရိန်းအတွက် အခိုင်အမာ ထောက်ခံပြသနေမှုများမှာ အခြားတဖက်တွင် မြန်မာပြည်သူများအတွက် ၎င်းတို့ ဘယ်လောက်တောင် တာဝန်ကင်းမဲ့နေကြောင်း မီးမောင်းထိုးပြနေတာလည်း ဖြစ်သည်။ ယင်းပဋိပက္ခနှစ်ခုတွင် မတူညီမှုများ ရှိသော်လည်း ရက်စက်ကြမ်းကြုတ်ပြီး နိုင်လိုမင်းထက်လုပ်သော စစ်အစိုးရများကြောင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်တို့ ဆုံးရှုံးနေရတာ အတူတူပဲဖြစ်သည်။
နိုင်ငံရေးစိတ်ဆန္ဒမရှိမှု၊ ယူကရိန်းစစ်ပွဲနှင့် ထိုင်ဝမ်အရေးကိစ္စများက အနောက်နိုင်ငံများ အနေဖြင့် မြန်မာ့အရေးကို သာမန်ကိစ္စအဖြစ် ရောက်ရှိသွားစေတော့သည်။ သို့ရာတွင် အာဏာရှင်လက်သစ်နိုင်ငံများ အုပ်စုကတော့ ထိုသို့မဟုတ်။ အနှီ ထွက်ပေါ်လာကာစ အာဏာရှင်လက်သစ်အုပ်စုအတွက် မြန်မာစစ်အုပ်စုမှာ ကြိုဆိုဧည့်ခံချင်စရာ အသုံးလည်းဝင်သည့် မိတ်ဘက်နိုင်ငံတခု ဖြစ်လာခဲ့ပါသည်။
၂၀၂၁ တုန်းက မြန်မာပြည်အရေးသည် ကြာရှည်ပြီး လူသားချင်းစာနာမှု အကျပ်အတည်းအဖြစ် ရောက်ရှိသွားမည်ဟု ကျနော် သုံးသပ်ခဲ့ပါသည်။ မကြာသေးခင်က ဖြစ်ရပ်များက ဖော်ပြနေသည်မှာ လက်ရှိပဋိပက္ခသည် နောက်ထပ် ပြင်းထန်လာဦးမည်ဖြစ်ပြီး အဆိုးဆုံး အခြေအနေကို ရောက်လာပေတော့မည်။ မြန်မာစစ်တပ်သည် ၂၀၂၁ ကစလို့ အင်အားချည့်နဲ့မှုများ၊ စစ်တပ်မှ စွန့်ခွာမှုများ ကြုံခဲ့ရသည်။ သို့ပါသော်လည်း အနောက်နိုင်ငံများသည် NUG နှင့် PDF တို့ကို တက်တက်ကြွကြွ ထောက်ပံ့ရန်၊ အသိအမှတ်ပြုရန် ငြင်းဆန်နေသမျှ ကာလပတ်လုံး အလှည့်အပြောင်းတခု ဖြစ်လာနိုင်ဖွယ် မရှိပါ။
ထိုစဥ် စစ်အုပ်စုမှာတော့ အာဏာရှင်လက်သစ်နိုင်ငံများ၏ ထောက်ပံ့မှုများဖြင့် သက်ဆိုးရှည်ကာ ဆက်လက်ရပ်တည်နေပေဦးမည် ဖြစ်သည်။
သပြေညို
မူရင်း-Myanmar’s Military Junta and the Neo-Authoritarian Bloc by Gerard McDermott
From the Diplomat Magazine