Home
မြန်မာသတင်း
ဗန်းမောက်မြို့နယ် ညောင်ကန်ကျေးရွာကို စစ်တပ်က ဗုံးကြဲ၊ သားအဖ ၂ ဦး သေဆုံး
DVB
·
May 27, 2023
350104735_1398653410955724_7304116118604853090_n

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ် အနောက်ခြမ်း ညောင်ကန်ကျေးရွာကို စစ်ကောင်စီလေတပ်က မေ ၂၅ ရက် ည ၉ နာရီခွဲလောက်မှာ တိုက်ပွဲမဖြစ်ဘဲ တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ဗုံးကြဲခဲ့ တာကြောင့် သားအဖ ၂ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။

“ည ၉ နာရီခွဲလောက်မှာ လေယာဉ်နဲ့ဗုံးနှစ်လုံးချသွားတယ်ဗျ၊ အဲတာ လူနှစ်ယောက်သေတယ်။ အသက် ၆၀ ကျော် လူကြီးတယောက်ရယ်၊ သူ့သမီးပေါ့နော အသက် ၃၀ ကျော် အမျိုးသမီးတယောက်ရယ်၊ နှစ်ယောက် သေသွားတယ်၊ ပွဲချင်းပါပဲ။” 

ဗုံးကြဲတိုက်ခိုက်တာကြောင့် သားအဖ ၂ ဦး အသက်ဆုံးရှုံးခဲ့သလို အိမ်ထောင် ပျဉ်ခင်းအိမ်တလုံးလည်း လုံးဝပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ညောင်ကန်ကျေးရွာပတ်ဝန်းကျင်တွေမှာ တိုက်ပွဲမဖြစ်ပွားဘဲ တိုက်လေယာဉ်နှစ်စီးထဲက တစီးက ဗုံးနှစ်လုံးကြဲချခဲ့တာဖြစ်ပြီး တလုံးက ဘုန်းကြီးကျောင်းကုန်းနားမှာ ကျရောက်ပေါက်ကွဲကာ ကျန်တလုံးကတော့ အသက်ဆုံးရှုံးခဲ့ရတဲ့ သားအဖနှစ်ယောက်ရဲ့ အိမ်မှာ ကျရောက် ပေါက်ကွဲတာလို့ သိရပါတယ်။

တိုက်ပွဲတွေမဖြစ်ပွားဘဲ ကျေးရွာတွေကို တိုက်ခိုက်တာဟာ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ ညောင်ကန်ရွာက ပြည်သူတဦးက ပြောပါတယ်။ ကျေးရွာကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ညောင်ကန်ကျေးရွာ အရှေ့ခြမ်းက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဗန်းမောက်မြို့ကနေ ၁၇ မိုင် အကွာရှိတဲ့ ကြောင်လည်ဒေသမှာ စစ်ကောင်စီ၊ SNA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဗန်းမောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ညောင်ကန်ရွာဟာ အိမ်ခြေ ၁၀၀ ကျော်ရှိပြီး ဗန်းမောက်မြို့ကနေ ၂၇ မိုင်ကွာဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024