စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းက ဖြတ်ပြီး မေ ၂၃ ရက်က စတင်ကာ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်ကနေ ရွှေဘိုလေ့ကျင့်ရေး ၈ ကို ထောက်ပို့သွားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၂၀ ကျော်ပါ စစ်ကြောင်း အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးတယ်လို့ မြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။
မေ ၂၄ ရက် ညကလည်း ခင်ဦး အထကအတွင်း ညအိပ်တပ်စွဲစဥ် ရွှေဘိုခရိုင် တပ်ရင်း-၃ နဲ့အတူ LPDF ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ LPDF အဖွဲ့ဝင်တဦးက ပြောပါတယ်။
မြေနီရှိုလမ်းဆုံအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး မြေနီရှိုကျေးရွာအတွင်းက နေအိမ်တလုံးအတွင်းသွင်းကာ မီးရှို့ အလောင်းဖျောက်ခဲ့တယ်လို့ ကျေးရွာကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။
ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းတလျှောက် မြေနီရှိုမှ ဖိုလ်ကုန်းပျူရွာအဝင်ထိ မြို့နယ်ပကဖနဲ့ တိုက်နယ်အဖွဲ့တို့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ လိုက်လံပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် ဒဏ်ရာရ သေဆုံး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဆွဲသယ်ထမ်းသွားတယ်လို့ တိုက်နယ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း နယ်မြေစိုးမိုးနိုင်ခြင်းမရှိတာကြောင့် ရွှေဘို လေ့ကျင့်ရေး ၈ တပ်နဲ့ မိုင် ၂၀ သာဝေးတဲ့ ဇီးကုန်းသကြားစက်မှ ရွှေဘိုထောက်ပို့တပ်ကို သွားဖို့ ခင်ဦးမြို့နယ်က မဒေါင်းလှပျူရွာမှာ တည၊ ခင်ဦးမှာ တည၊ မြေနီရှိုလမ်းဆုံမှာ တည၊ ၃ ညအိပ် ၄ ရက်ကြာ ဖြတ်သွားခဲ့ရပြီး လမ်းတလျှောက် အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။