ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်က ချင်းကျေးရွာတွေမှာ မေ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းလူမျိုးတွေ အဓိကနေထိုင်တဲ့ ရွှေပြင်ရွာ၊ သရက်တောရွာနဲ့ လေးတူရွာတွေမှာ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူနေအိမ်၊ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနဲ့ သောက်သုံးရေကန်တွေပါ ပျက်စီးခဲ့တာပါ။
ကျေးရွာတွေမှာ လက်ရှိအချိန်အထိ အကူအညီမရရှိဘဲ ရွာတွေကလည်း ဆင်းရဲတာကြောင့် အခုလို ပျက်စီးတာတွေကို ပြန်လည်ပြုပြင်ဖို့ အခက်အခဲရှိနေတယ်လို့ ရွှေပြင်ကျေးရွာမှ ချင်းတိုင်းရင်းသား ဒေသခံတယောက်က ပြောပါတယ်။
အဲဒီဒေသမှာ ကျေးရွာတွေရဲ့ ၉၅ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့ပေမဲ့ အခုအချိန်အထိ အကူအညီပေးမယ့်သူ မရှိဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့သာ ပြန်လည်ထူထောင်နေရတယ်လို့ ဆိုပါတယ်။
မုန်တိုင်းသင့်ခဲ့တာကြောင့် အဆောက်အဦတွေ ပြန်လည်ပြုပြင်ဖို့ အိမ်ဆောက်ပစ္စည်းတွေလည်း လိုအပ်နေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ သရက်တောရွာခံတဦးက ပြောပါတယ်။
အခုလို ပျက်စီးဆုံးရှုံးမှုစာရင်းကို မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြန်လည်ထူထောင်ရေးအတွက် တင်ပြ အကူအညီတောင်းထားပေမဲ့ အခုအချိန်ထိ အကြောင်းပြန်ကြားတာ မရှိဘူးလို့လည်း သိရပါတယ်။