စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့ပေါ်က နေရပ်ပြန် ဒေသခံ ၇၀ ကျော်ကို စစ်ကောင်စီတပ်က မေ ၂၅ ရက်ကနေ ဒီနေ့ ၂၆ ရက်နေ့အထိ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါ နေရပ်ပြန်တွေ ဖမ်းဆီးခံရတာ ၂ ရက်ပေါင်း အယောက် ၇၀ ကျော်သွားပြီလို့ ကျွန်းလှမြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတဦးနဲ့ ဆွေမျိုးတော်စပ်သူက “အဖမ်းခံရတဲ့သူ အများစုက ကျနော်တို့ ကျွန်းလှမြို့ပေါ်က ပြည်သူတွေဗျ။ သူတို့ကို ဘာကြောင့် စစ်ကောင်စီက ဖမ်းတာလဲဆိုတာတော့ မသိဘူး။ အမှန်က အခုအဖမ်းခံရတဲ့ သူတွေက သဖန်းဆိပ်ဆည်အနီး ယာခင်းသွားလုပ်တဲ့သူတွေ ဖြစ်သလို ရွှေမျှောလုပ်သား အများစုဖြစ်ပါတယ်။ သဖန်းဆိပ်ဆည် အရှေ့ဘက် ရွှေမျှောလုပ်ရာနေရာ၊ ယာခင်းလုပ်ရာ နေရာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးလို့ အလုပ်မလုပ်ရမယ့်အတူတူ ကိုယ့်ရွာ ကိုယ်ပြန်တာကို အခုလို စစ်ကောင်စီက ဖမ်းဆီးတာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ အခုလို ဖမ်းဆီးသူတွေကို ပြန်လွှတ်ပေးတာမျိုး မရှိသေးသလို သဖန်းဆိပ်ဆည် အရှေ့ဘက်က ကျေးရွာအများအပြားကို စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံထောင်နဲ့ချီ ဘေးရှောင်နေကြရတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။