ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ရှိ ကျောက်မောရွာ ရဲကင်းစခန်းကို မေလ ၂၄ ရက် မနက်ပိုင်းမှာ ကျောင်းသားတပ်မတော် ABSDF က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရှမ်း/မြောက် ABSDF ပြန်ကြားရေးတာဝန်ရှိသူက ထုတ်ပြန်ပြောပါတယ် ။
"ကျောက်မောရွာမှာ အထိုင်ချထားတဲ့ ရဲကင်းကို မနက် ၆ နာရီ ၁၅ မိနစ် အချိန်မှာစတင် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။မနက် ၇ နာရီ ၄၅ မိနစ်မှာ စခန်းကို စီးနင်း သိမ်းပိုက်နိုင်ခဲ့တယ်။ တိုက်ပွဲအတွင်း ရဲတပ်ကြပ်ကြီး တယောက်အပါအဝင် ရဲ ၄ ယောက် သေဆုံးခဲ့တယ်" လို့ ABSDF အဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် BA-63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကတ် ၉ ကတ်၊ကျည် ၆၅၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံးနဲ့ ရဲတပ်ဖွဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ကာ စခန်းထဲက အမျိုး သမီး ၃ ယောက်နဲ့ ကလေး ၂ ယောက် ကို ပြန်လွှတ်ပေးခဲ့တယ်လို့ ABSDF ပြန်ကြားရေးဌာနက တာဝန်ရှိသူကဆိုပါတယ် ။
အဆိုပါ ကျောက်မောဂိတ်ရှိ ရဲနဲ့ စစ်သားတွေက သွားလာနေတဲ့ ယာဉ်တွေနဲ့ အနီးအနားရှိ လုပ်ငန်းရှင်တွေဆီကနေ ငွေတောင်းတာ၊ ရိက္ခာအတင်းတောင်းယူတာတွေ ပြုလုပ်လေ့ရှိတယ်လို့ ပြည်သူတွေက တိုင်ကြားလာတာကြောင့် ABSDF မြောက်ပိုင်းက သွားရောက်တိုက်ခိုက် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ် ။
အန်စီအေအပစ်ရပ်လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အနေနဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးမှာ စစ်ကောင်စီတပ်တွေကို တော်လှန် တိုက်ခိုက်နေပြီး စစ်ကိုင်းတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ပွဲဝင်နေကြတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ် ။