ထိုင်းနိုင်ငံထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၄၉ ယောက်ကို နိုင်ငံအနောက်ပိုင်းခရိုင်ထဲမှာ စစ်တပ်နဲ့ ရဲတွေ ပူးပေါင်းပါဝင်တဲ့ ကင်းလှည့်တပ်ဖွဲ့က မေ ၂၄ ရက် မနက်အစောပိုင်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဘန် ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
ဖမ်းမိသူတွေထဲမှာတော့ အမျိုးသား ၂၉ ယောက်နဲ့ အမျိုးသမီးအယောက် ၂၀ ပါဝင်ပြီး သ တင်းပေးချက်အရ ထောင်ဖာဖွန်ခရိုင်ထဲက သစ်တောတခုထဲ ပုန်းအောင်းနေချိန်မှာ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ မြန်မာနိုင်ငံ မော်လမြိုင်၊ ရန်ကုန်၊ ပဲခူးနဲ့ ရခိုင် ဒေသတွေကနေ ထိုင်းနိုင်ငံ ဆမွတ်စာခွန်း၊ ရာယောင်း၊ ကန်ချနဘူရီနဲ့ ဘန်ကောက်တို့မှာ အလုပ်ရမယ်ဆိုပြီး တယောက်ကို ပွဲစားခဘတ် ၂ သောင်း ကနေ ၃ သောင်းအထိပေးကာ ခုလိုဝင်ရောက်လာခဲ့ကြတာလို့ ပြောပါတယ်။
သူတို့ဟာ မြန်မာ-ထိုင်းနယ်စပ်ကနေတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာခဲ့ကြပြီး သူတို့ကို သက်ဆိုင်ရာ ဒေသတွေ အသီးသီးဆီ ပို့ဆောင်ဖို့ လာရောက်ခေါ်ယူ မယ့်သူတွေကို စောင့်ဆိုင်းနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာပါ။
လတ်တလောမှာတော့ သူတို့အားလုံးကို ထောင်ဖာဖွန်ခရိုင် ရဲစခန်းဆီ ပို့ဆောင်ထားပြီး တော့ ဉပဒေအရ လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပြီး နေရပ်ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင် ရှားပါးနေတာကြောင့် ထိုင်းနိုင်ငံကို မြန်မာလူငယ်တွေ အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သွားရောက်နေရာမှာ တရားမဝင် နယ်စပ် ဖြတ်ကျော်လာသူတွေကတော့ နေ့စဉ်လိုလို ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။