တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့က ရာအိမ်မှူး ဦးတင်သန်းနဲ့ အရန်မီးသတ်တပ်ခွဲမှူး ဦးအေးချိုတို့ မေ ၂၃ ရက် ဒီနေ့မနက် ၅ နာရီခွဲလောက်က သူတို့ရဲ့ နေအိမ်တွေမှာ ပစ်သတ်ခံခဲ့ရပါတယ်။
လက်နက်ငယ်တွေ ကိုင်ဆောင်လာတဲ့ အမည်မသိ လူတစုက ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်သွားတာဖြစ်ပြီး ပစ်ခတ်ခံရတဲ့ ရာအိမ်မှူး ဦးတင်သန်းနဲ့ အရန်မီးသတ်တပ်ခွဲမှူး ဦးအေးချိုတို့ နှစ်ဦးလုံး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒေသခံတဦးက “ပစ်ခတ်ခံရတဲ့သူ နှစ်ဦးလုံးကို ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက သတိပေးထားတာတွေ ပြုလုပ်ခဲ့ပေမဲ့ စစ်ကောင်စီကို သတင်းပေးတာ၊ လောင်းကစားဝိုင်းတွေ တရားမဝင် ပြုလုပ်တာနဲ့ ဧည့်စာရင်းစစ်တာတွေ အမြဲလုပ်လေ့ရှိတယ်” လို့ ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နဲ့ပူးပေါင်းပြီး ပြည်သူလူထုကို အန္တရာယ်ပေးနေတဲ့ နိုင်ငံတဝန်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် သူတို့ရဲ့ နောက်လိုက်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မကြာခဏဆိုသလို သတိပေးစာ ပေးပို့တာတွေ ရှိပါတယ်။