Home
မြန်မာသတင်း
ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ
DVB
·
May 23, 2023
348852238_259943926555028_4569515994677930342_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ပါရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ထားဝယ်စုပေါင်းစစ်ကြောင်းက မေ ၂၀ ရက်နဲ့ ၂၁ ရက်မှာ ၂ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မေ ၂၂ ရက်မှာ တိုက်ပွဲသတင်း ထုတ်ပြန်ပါတယ်။

မေ ၂၀ ရက် ည ၇ နာရီက ထားဝယ်မြို့နယ် အညာဖျားကျေးရွာနဲ့ ဥယျာဉ်ကြီးကျေးရွာအကြား မိကျောင်းအိုင်ဘုရားအနီး မိုင်းကွင်းမှာ စစ်ကောင်စီတပ်သားတွေကို ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲကာ လက်နက်ကြီးတွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး မေ ၂၁ ရက်မှာ ထားဝယ်စုပေါင်းစစ်ကြောင်းက နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားတွေ အသုံးပြုတဲ့ ၆၀ မမ ဗုံးသီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၁၄ လုံး၊ ဗုံးသီးအခွံ ကျည်အိမ် ၂ ခုနဲ့ ကျည်ဆန်တချို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ကင်းချထားတဲ့နေရာကို လက်နက်ကြီးနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။

အဆိုပါ တိုက်ခိုက်မှု ၂ ကြိမ်မှာ မဟာမိတ်တပ်တွေဘက်က ထိခိုက်မှုမရှိပေမဲ့ စစ်ကောင်စီစစ်ကြောင်းက ၁၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေက အတည်ပြုကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဓားသွေးကျောက်ရွာသားတဦး၊ ဥယျာဉ်ကြီးရွာက ၄ ဦးနဲ့ အညာဖျားရွာသားတချို့ကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားပြီး ပကာရီရွာဘက်ကို ထွက်သွားတယ်လို့ ထားဝယ်စုပေါင်းစစ်ကြောင်းရဲ့ ပြန်ကြားရေးထံက သိရပါတယ်။

ထားဝယ်စုပေါင်းစစ်ကြောင်းရဲ့ ပြန်ကြားရေးတာဝန်ခံက “လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရတဲ့ ရွာသားတွေထဲမှာ ဥယျာဉ်ကြီးရွာက အမျိုးသားတယောက်ကလွဲပြီး အားလုံး ပြန်လွတ်လာကြပါပြီ။ စစ်ကောင်စီ စစ်ကြောင်းကတော့ မဲချောင်း ပကာရီရွာဘက်မှာ ရှိနေပါသေးတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းက ရွာခံတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခဲ့တဲ့အပြင် ဥယျာဉ်ကြီးရွာက နေအိမ်တလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ မေ ၂၀ ရက်ကစပြီး ထားဝယ်အရှေ့တောဒေသကို စတင်စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မေ ၉ ရက်ကလည်း ထီးခီးနယ်စပ်ကနေ ထားဝယ်ဘက်ကို ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ထားဝယ်စုပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024