Home
မြန်မာသတင်း
ထားဝယ်မြို့ခံ ၁ ဦး  စစ်ကြောရေးတွင် သေဆုံး
DVB
·
May 21, 2023
347562383_272355735148562_1389691268189166402_n

တနင်္သာရီတိုင်း ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်နေ အသက် ၃၀ ဝန်းကျင်ရှိ ကိုကျော်သူရဟာ မေ ၁၅ ရက်က စစ်တပ်ရဲ့ ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ သေဆုံးသွားတယ်လို့ ကာယကံရှင် မိသားစု နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မိသားစုနဲ့နီးစပ်သူတဦးက "ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူးကတဆင့် မနေ့က (မေ၂၀) ကိုကျော်သူရ သေဆုံးသွားပြီလို့ အကြောင်းကြားလာတယ်။ အလောင်းတော့ ပြန်မပေးဘူး" လို့ ပြောပါတယ်။

ကိုကျော်သူရဟာ မေ ၁၅ ရက် ညနေပိုင်း အလုပ်မှပြန်လာချိန် ဒေါင်းငူရပ်ကွက်အတွင်းမှာပဲ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီးနောက် မေ ၂၀ ရက်မှာ အကြောင်းလာကြားတာကြောင့် သေဆုံး သွားပြီလို့ သိရပေမဲ့  ဘယ်နေ့က သေဆုံးသွားတယ်ဆိုတာကိုတော့ မသိရပါဘူး။

သေဆုံးသွားသူဟာ အစ္စလာမ်ဘာသာဝင် တဦး ဖြစ်တာကြောင့် ဈာပနကို ဓလေ့ထုံးတမ်းနဲ့အညီ လုပ်ပေးနိုင်ဖို့ အလောင်းပြန်ရရေး မိသားစုက ကြိုးစားနေတယ်လို့ သိရပါတယ်။

ကိုကျော်သူရအဖမ်းခံရပြီး မေ ၁၆ ရက်မှာ ထားဝယ်မြို့ ကျောက်မော်ရပ်ကွက်၊ ဒေါင်းငူရပ်ကွက် နဲ့ ဝဲကျွန်းရပ်ကွက် ရပ်ကွက်တွေက အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦး ထပ်မံ အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဖမ်းခံရတဲ့အကြောင်းအရင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

မေ ၁၆ ရက် အဖမ်းခံရသူတွေထဲက အမျိုးသား တဦး နဲ့ အမျိုးသမီး တဦး ပြန်လည် လွတ်မြောက်လာပြီး ကျန်သူတွေကတော့ ထားဝယ်မြို့မရဲစခန်းမှာ ဆက်လက် အဖမ်းခံထားရဆဲ ဖြစ်ပါတယ်။ 

အဆိုပါအဖမ်းခံရသူတွေထဲက အမျိုးသမီး တချို့ဟာ အမျိုးသားဖြစ်သူကို လာရောက်ဖမ်းဆီးစဉ် မတွေ့တာကြောင့် ဓားစာခံအဖြစ် ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။

ဧပြီလကလည်း တနင်္သာရီတိုင်း ကလိန်အောင်မြို့မှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတဲ့ အမျိုးသား တဦး အချုပ်ခန်းအတွင်း သေကြောင်းကြံစည် သေဆုံးခဲ့ပါသေးတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024