၊
အန်အယ်လ်ဒီအစိုးရ လက်ထက်က တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးမြင့်စန်းရဲ့ ဈာပနကို မေ ၂၀ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
ဖူးခက်မြို့ ကော့စလေဘုန်းတော်ကြီးကျောင်းမှာလုပ်တဲ့ အဲဒီအခမ်းအနားကို ထိုင်းရောက် မြန်မာ အလုပ်သမားအများစုအပါအဝင် လူ ၁၀၀၀ လောက် တက်ရောက်ခဲ့ပြီး ရုပ်အလောင်းကိုတော့ နေ့လယ် ၁ နာရီလောက်မှာ မီးရှို့သင်္ဂြိုဟ်လိုက်တယ်လို့ အခမ်းအနား စီစဥ်သူ တဦးက ပြောပါတယ်။
အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ဦးမြင့်စန်းဟာ ပြီးခဲ့တဲ့ ၆ လလောက်ကမှ ထိုင်းနိုင်ငံထဲ ထွက်ပြေး တိမ်းရှောင် လာခဲ့ပြီး နောက်ဆုံးအဆင့် သရက်ရွက်ကင်ဆာ ဆေးကုသမှုခံယူရင်း မေ ၁၇ ရက်က ကွယ်လွန်ခဲ့ တာပါ။
ဦးမြင့်စန်းဟာ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ တိုင်းဒေသကြီးလွှတ်တော် လောင်းလုံးမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး အနိုင်ရရှိခဲ့ပါတယ်။
လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာဇာတိဖြစ်တဲ့ ဦးမြင့်စန်းရဲ့ နေအိမ်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ မှာ စစ်တပ်က ချိတ်ပိတ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် လိုက်လံဖမ်းဆီးတာတွေကြောင့် တိမ်းရှောင်ရင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၉ ဦး ဆေးကုသမှု အလုံအလောက်မရတာကြောင့် သေဆုံးခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီက ထုတ်ပြန်ပါတယ်။