မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူဒိုးနဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ ဆွေးနွေးခဲ့ကြတယ်လို့ ကနေဒါဝန်ကြီးချုပ်ရုံး ထုတ်ပြန်ချက်အရ သိရပါတယ်။
G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေရဲ့ အစည်းအဝေးတက်ရောက်ဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ရောက်ရှိနေစဉ် နှစ်နိုင်ငံခေါင်းဆောင်တွေ မေလ ၂၀ ရက်က သီးသန့်တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ကိစ္စတွေနဲ့ မြန်မာအပါအဝင် အာဆီယံအရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဆိုးရွားလာနေတဲ့အခြေအနေနဲ့အပေါ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေအနေနဲ့ စိုးရိမ်ပူပန်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ပဋိပက္ခဖြေရှင်းဖို့ အာဆီယံရဲ့ ဆက်လက် ကြိုးပမ်းအားထုတ်မှုတွေကို ကြိုဆိုခဲ့ကြတယ်လို့ဆိုပါတယ်။
ကနေဒါဝန်ကြီးချုပ်နဲ့ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ သမ္မတတို့ရဲ့ မြန်မာ့အရေး ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အသေးစိတ်အကြောင်းအရာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။
တွေ့ဆုံပွဲမှာ ပြီးခဲ့တဲ့ G20 အစည်းအဝေးနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဦးဆောင်ကျင်းပခဲ့တဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ကနေဒါဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး ကနေဒါနဲ့ အာဆီယံအကြား ဆက်ဆံရေးပိုမို ခိုင်မာအားကောင်းလာအောင် ဆက်လက်ကြိုးပမ်းဖို့နဲ့ လာမယ့် စက်တင်ဘာလမှာ အာဆီယံ-ကနေဒါ မဟာဗျူဟာ မိတ်ဖက်ထိပ်သီးအစည်းအဝေး ကျင်းပဖို့ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
ကနေဒါအနေနဲ့ ဒေသတွင်းမှာ အားလုံးပါဝင်တဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှု အပါအဝင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘုံရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ သံတမန်ရေး၊ စီးပွားရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုတွေမှာ ပိုမိုနက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ကြဖို့ ရည်မှန်းထားတဲ့ အကြောင်း ဝန်ကြီးချုပ် ထရူဒိုးက ပြောပါတယ်။