Home
နိုင်ငံတကာ
အင်ဒိုနီးရှားရွေးကောက်ပွဲတွင် သမ္မတ ဂျိုကိုဝီ ထောက်ခံသူကိုသာ ပြည်သူရွေးချယ်မည်ဟု သုံးသပ်
DVB
·
February 13, 2024
Indonesia_13022024

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုဟာ ရာထူးက အနားယူရတော့မှာ ဖြစ်ပေမဲ့ လာမယ့် ဖေဖော်ဝါရီ ၁၄ ရက် ကျင်းပမယ့် သမ္မတရွေးကောက်ပွဲအပေါ်မှာ လွှမ်းမိုးမှုရှိနေပြီး သူထောက်ခံတဲ့သူကိုသာ ပြည်သူက ရွေးကြမှာဖြစ်တယ်လို့ သတင်းဌာနတွေက သုံးသပ်ဖော်ပြပါတယ်။

နိုင်ငံရေးမျိုးရိုးနောက်ခံမရှိ၊ စစ်ဘက်နောက်ခံမရှိဘဲ ၂၀၁၄ မှာ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ ဂျိုကိုဝီဟာ  ၂၀၁၉ မှာလည်း ထပ်မံအနိုင်ရခဲ့ပါတယ်။ အခု သက်တမ်းနှစ်ကြိမ်စေ့လို့ ထပ်ပြိုင်လို့မရတော့ပေမဲ့ လူထုထောက်ခံမှု ၈၀ ရာခိုင်နှုန်း အထိ ရှိနေဆဲဖြစ်ပါတယ်။

ဒီတကြိမ် သမ္မတရွေးကောက်ပွဲမှာ ရေပန်းအစားဆုံးဖြစ်နေတာက ဗိုလ်ချုပ်ကြီးဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဆူဘီယန်တို ဖြစ်ပါတယ်။

သူဟာ ဂျိုကိုဝီကို ရှေ့ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး အရေးနိမ့်ခဲ့သူဖြစ်ပေမဲ့ အခုအခါမှာတော့ “ဂျိုကိုဝီသက်ရောက်မှု” လို့ သုံးနှုန်းကြတဲ့ လက်ရှိသမ္မတရဲ့ ကျောထောက်နောက်ခံကြောင့်ပဲ သမ္မတဖြစ်လာတော့မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

အဲဒါဟာ အရှုံးသမား ပရာဘိုဝိုအပေါ် လူကြိုက်ပြန်များလာတာကြောင့် မဟုတ်ဘဲ ဂျိုကိုဝီရဲ့သားကြီး ဂီဘရန်ရာကာဘူမင် ရာကာကို သူ့နဲ့တွဲဘက် ဒုတိယသမ္မတလောင်းအဖြစ် ရွေးထားတာကြောင့်သာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အင်ဒိုသမိုင်းမှာ လူကြိုက်အများဆုံး သမ္မတ ဂျိုကိုဝီဟာ ဘယ်သမ္မတလောင်းကိုမှ ထောက်ခံတယ်လို့ တရားဝင်ပြောထားတာ မရှိပါဘူး။

ပါတီလိုင်းအရ ထောက်ခံရင်လည်း သူ့ရဲ့ PDI-P ပါတီက သမ္မတလောင်း ဂန်ဂျာ ပရာနိုဝိုကိုပဲ ထောက်ခံရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ သားဖြစ်သူကို သူ့ပြိုင်ဘက်ဟောင်းနဲ့ တွဲပေးလိုက်တာကိုကြည့်ရင် ဘယ်သူ့ကို ရွေးစေချင်လဲဆိုတာ ရွာသားကအစ သိတယ်လို့ ပရာဘိုဝိုရဲ့ ဂါရိန္ဒြာပါတီက ပြည်နယ်ပါတီခေါင်းဆောင် ဆူဒါယိုနိုက ပြောပါတယ်။

“ဘယ်သူ့သွေးလဲဆိုတာက ဘယ်နိုင်ငံရေးပါတီကလဲ ဆိုတာထက် ပိုအရေးကြီးတယ်” လို့လည်း ဆူဒါယိုနိုက သုံးသပ်ပါတယ်

အသက် ၄၀ မပြည့်သေးရင် သမ္မတ၊ ဒါမှမဟုတ် ဒုသမ္မတနေရာ ပြိုင်ခွင့်မရှိပေမဲ့ အသက် ၃၆ နှစ်သာ ရှိသေးတဲ့ ဂီဘရန် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်ရတဲ့ ကိစ္စကလည်း အငြင်းပွားစရာ ရှိနေပါတယ်။

ဂျိုကိုဝီရဲ့ ယောက်ဖ၊ ဂီဘရန့် အဒေါ့်ယောက်ျားက တရားသူကြီးချုပ်လုပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဂီဘရန်မှာ ဝင်ပြိုင်ခွင့်ရှိကြောင်း  ဆုံးဖြတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024