မွန်ပြည်နယ် ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနဲ့ ဆောင်နိုင်ကြီးကျေးရွာကို ဆက်သွယ်ထားတဲ့ ရွာချင်းဆက်လမ်းကို စစ်တပ်က မေ ၁၉ ရက် ည ၇ နာရီလောက်က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျိုက်ထိုဒေသခံတယောက်က “စစ်တပ်က ဘက်ဟိုးနဲ့ လာရောက်ဖျက်ဆီးသွားခဲ့တာ။ ဒေသခံတွေက သယ်ယူပို့ဆောင်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးအတွက် သွားလာနေတဲ့လမ်းကိုမှ အခုလို ဖျက်ဆီးပြီး ပိတ်လိုက်ရင် လူတွေ ဒုက္ခမျိုးစုံနဲ့ကြုံရတာ။ အခုလိုလုပ်ရပ်က မကောင်းဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်တပ်က လက်နက်ကြီးနဲ့ ဆောင်နိုင်ကြီးဘက်ကို ပစ်ပြီးမှ လမ်းကို ဖျက်ဆီးသွားတာ ဖြစ်ပြီး ဖျက်ဆီးခံရတဲ့ လမ်းရဲ့အနက်က ၆ ပေခန့် လောက်ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လာရောက်တိုက်ခိုက်မှာကို စိုးရိမ်ပြီး နေရာတော်တော်များများမှာ လမ်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
ဒေသကာကွယ်ရေးတပ်ဖွဲ့တပ်က စစ်ကောင်စီတပ်စခန်းတွေကို မကြာခဏ တိုက်ခိုက်လေ့ရှိပြီး နှစ်ဘက်ထိခိုက်တာတွေတော့ ရှိနေပါတယ်။