ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့နယ်ရှိ ကုန်းသာကျေးရွာထဲကို မေ ၁၈ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ပြည်သူတဦး ဒဏ်ရာရခဲ့တယ်လို့ ပရဟိတအသင်း အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“သူတို့လှမ်းခေါ်လို့ ကျနော်တို့ သွားရောက်ကယ်ဆယ်ပေးရတာပေါ့။ လူနာက ခါးနားတဝိုက် ထိတယ်၊ လက်နက်ကြီးက ရွာထဲကိုကျတာပါ။”
အသက် ၄၀ အရွယ် ဦးကောလှဟာ နေအိမ်ခြံဝင်းထဲမှာရှိနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လက်မောင်း၊ လက်ပြင်၊ ခါးနဲ့ ပေါင်တွေမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ်ထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဦးကောလှကို ရွှေလွိုင်ကော်ပရဟိတအသင်းက လွိုင်ကော်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေ နေရာဒေသတွေကိုလည်း လက်နက်ကြီးနဲ့ နေ့စဥ်နီးပါး ရမ်းသန်းပစ်ခတ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သား ပြည်သူ ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။