မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်က ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ရပ်ကွက် ရာအိမ်မှူးလည်းဖြစ်တဲ့ ဦးသန်းနိုင် နေအိမ် ဒီနေ့မနက် ၈ နာရီလောက် ဗုံးပစ်ခံရပြီး မိခင်ဖြစ်သူ သေဆုံးကာ ညီမလင်မယား ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တရုပ်ဆိုင်ကယ်နဲ့ လူငယ် ၂ ဦးက နေအိမ်ရှေ့ကဖြတ်ပြီး လက်လုပ်ဗုံးနဲ့ ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
အောင်ပင်လယ်ရပ်ကွက်မှာ နေထိုင်သူတဦးက “သူတို့လုပ်ချင်တဲ့သူက ရာအိမ်မှူးဖြစ်မယ်ဗျ။ အဲ့လူက အိမ်မှာမရှိဘူး၊ လက်ဖက်ရည်ဆိုင်ထွက်သွားတာ။ အိမ်မှာရှိတဲ့သူတွေ ထိကုန်တာ၊ သူတို့က အိမ်အပြင်ဘက်မှာ စုပြီး စကားထိုင်ပြောနေတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဗုံးပစ်ခံရမှုကြောင့် ရာအိမ်မှူး ဦးသန်းနိုင်ရဲ့ မိခင် ဒေါ်နီ (၆၇ နှစ်) ဆေးရုံအရောက်မှာ သေဆုံးသွားပြီး ညီမဖြစ်သူ ဒေါ်အေးအေးနွယ်နဲ့ ခင်ပွန်း ဦးဖိုးချစ်တို့ ဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးဘဲ ဦးသန်းနိုင်နဲ့ မိသားစုဝင်တွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမာခံထောက်ခံသူတွေ ဖြစ်တဲ့အတွက် PDF တွေက လုပ်ကြံသွားတာဆိုပြီး စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် မတ် ၂၄ ရက်နေ့ကလည်း မန္တလေး ပြည်ကြီးတံခွန်မြို့နယ်က ရာအိမ်မှူး အမျိုးသမီးတဦး နေအိမ်မှာရှိနေစဉ် ပစ်ခတ်ခံခဲ့ရလို့ သေဆုံးခဲ့ပါတယ်။