တနင်္သာရီတိုင်း၊ ထားဝယ်ဆေးရုံကြီးမှာ မေ ၁၆ ရက်က ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသမီးတယောက် ကွယ်လွန်သွားတယ်လို့ စစ်ကောင်စီလက်အောက်ခံ တနင်္သာရီတိုင်း ကျန်းမာရေးဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ အမျိုးသမီးဟာ ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၅၇ အရွယ်ရှိ ဒေါ်အုန်းကြည်ဖြစ်ပြီး မယ်ဒီလန်း ပုဂ္ဂလိကဆေးရုံမှာ ဆေးကုသနေရာက ကိုဗစ်ပိုး တွေ့ခဲ့တာကြောင့် ထားဝယ်ဆေးရုံကြီးကို ပြောင်းရွှေ့ကုသခဲ့ပြီး မေ ၁၆ ရက် ညပိုင်းမှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
ကိုဗစ်ပိုးတွေ့လူနာရဲ့ ဈာပနကိုတော့ မေ ၁၇ ရက် မွန်းလွဲ ၂ နာရီက ဇဟာသုသာန်မှာ နာရေးကူညီမှု-ထားဝယ်က ဆောင်ရွက်ပေးခဲ့ပါတယ်။
အခုသေဆုံးမှုဟာ သင်္ကြန်ကာလအပြီး ဧပြီ ၁၉ ရက်ကစပြီး တနင်္သာရီတိုင်းမှာ တကျော့ပြန် ဖြစ်လာတဲ့ ကိုဗစ်ကူးစက်ခံရမှုမှာ ပထမဆုံးသေဆုံးမှု ဖြစ်ပါတယ်။
မေ ၁၇ ရက်အထိ နာရေးကူညီမှု-ထားဝယ်က ဆောက်ရွက်ပေးခဲ့တဲ့ ကိုဗစ်အတည်ပြုလူနာ နာရေးကူညီမှုအရေအတွက် ၆၀၂ ဦးရှိပြီလို့ နာရေးကူညီမှု-ထားဝယ်ရဲ့ မှတ်တမ်းအရ သိရပါတယ်။
ထားဝယ်မြို့မှာ မေ ၁၇ ရက်က ပိုးတွေ့လူနာ ၆ ဦးရှိခဲ့ပြီး အခုမေလအတွင်း ထားဝယ်ခရိုင်မှာ အတည်ပြုလူနာ ၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၁ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိတယ်လို့ စစ်ကောင်စီ တိုင်းကျန်းမာရေး ဦးစီးဌာနဆီက သိရပါတယ်။