စစ်ဘေးနဲ့ သဘာဝဘေးအန္တရာယ် ကြုံရတဲ့သူတွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပြီး S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က မီးလင်းရေးအတွက် ဆိုလာ ပါဝါစတေရှင် စမ်းသပ်ထုတ်လုပ်ထားတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောပါတယ်။
S&C သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “ဆိုလာ ပါဝါစတေရှင် စမ်းသပ်ထုတ်လုပ်တာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးအောင်မြင်ပါပြီ။ လျှပ်စစ်မီးမရရှိတဲ့ ဒေသက စစ်ဘေးသင့်ပြည်သူတွေနဲ့ သဘာဝဘေးအန္တရာယ် မိုးများပြီး လေပြင်းမုန်တိုင်းဘေးသင့်ဒေသက ပြည်သူတွေ အသုံးပြုဖို့ ရည်ရွယ်ပါတယ်။ အရေးပေါ် မီးထွန်းတာနဲ့ ဖုန်းအားသွင်းတာ ၂၄ နာရီကြာ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီလအတွက် စစ်ဘေး မီးဘေးနဲ့ သဘာဝဘေးကြောင့် လေပြင်းမုန်တိုင်းသင့် အိမ်ခြေ ၁၀၀ အတွက် ကနဦး ဆိုလာ ပါဝါစတေရှင် အလုံး ၁၀၀ တပ်ဆင်အသုံးပြုနိုင်ဖို့ ကြိုးစားနေပြီး S&C အနေနဲ့ ဆိုလာ ပါဝါစတေရှင်တွေ ထုတ်လုပ်ရာမှာ ငွေကြေးကုန်ကျမှုစရိတ်တွေ လိုအပ်နေတဲ့အတွက် ပြည်တွင်း ပြည်ပက မိဘပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
ဆိုလာ ပါဝါစတေရှင် တခုကို ငွေကျပ် ၁၁၀,၀၀၀ နဲ့ ပါဝင် ကူညီလှူဒါန်းလိုပါက S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ထံ တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်တယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။