ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မေလ ၁၄ ရက်က မိုခါ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်စဉ် ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်မြေခံတပ်ရင်းမှ အရာရှိ တယောက်နဲ့ တပ်သားနှစ်ယောက် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အင်အားအလွန်ပြင်းတဲ့ မုန်တိုင်းကြောင့် စစ်တွေမြို့မှာ လေပြင်းတိုက်ခတ်လို့ ရေကြီးပြီး မြေပြိုတာတွေ၊ ကမ်းပါးပြိုတာတွေဖြစ်နေချိန် စစ်တွေမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေက သွားရောက်ကူညီခဲ့ရာ အုတ်နံရံပြိုကျလို့ သေဆုံးခဲ့တာလို့ စစ်ကောင်စီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ဒကစ (စစ်တွေ) က ဗိုလ်မှူးနဲ့ တပ်သားနှစ်ယောက်သေတာ။ ဗိုလ်ကြီးလို့ ပြောတဲ့သူတွေလည်းရှိတယ် ဒကစ(စစ်တွေ)လက်အောက်မှာ ခလရ ၂၀ ခလရ ၃၂၃ ခလရ ၃၃၄၊ ခလရ ၂၀၇ ရှိတယ်။ အခုက ဘယ်တပ်ရင်းကဆိုတာမသိဘူး။ စစ်တပ်ကထုတ်ပြန်တာ ဘယ်ကလဲဆိုတာမပါဘူး။”
မနေ့ညက စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာတော့ စစ်တွေမြို့ပေါ်မှာ ကယ်ဆယ်ရေးလုပ်နေတဲ့ နယ်မြေခံတပ်နယ်မှ အရာရှိတစ်ဦးနဲ့ စစ်သည်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မိုခါမုန်တိုင်းကြောင့် ရခိုင်၊ နေပြည်တော်၊ ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီမှာ လူနေအိမ် ၁၀ ၈၅ လုံးပျက်စီးခဲ့ပြီး လူငါးဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကတော့ မုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ သေဆုံးသူ စုစုပေါင်း ၁၈ ယောက်ထိ ရှိလာပြီလို့ ထုတ်ပြန်ပါတယ်။
မုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်း ထိခိုက်ပျက်စီးသွားပြီး ရာနဲ့ချီသေဆုံးကာ အများအပြား ဒဏ်ရာရတယ်လို့ သတင်းတွေထွက်နေပေမဲ့ သီးခြားအတည် မပြုနိုင်သေးပါဘူး။