မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ စျေးကွက်သစ်ရပ်ကွက်မှာ မေ ၁၅ ရက် ည ၆ နာရီက မြန်မာ့မီးရထားဆေးရုံမှ တိုင်းဆရာဝန်ကြီးတဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပလိပ်မြို့ စျေးကွက်သစ်ရပ်ကွက် အီးပီစီရုံးရှေ့မှာ ဖွင့်လှစ်ထားတဲ့ “ဒေါက်တာချို” ဆေးခန်းက ဆရာဝန်ကြီးကို ဆိုင်ကယ်နဲ့ ဆေးခန်းကိုလာပြီး ပစ်သွားတာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဆိုင်ကယ်နဲ့ ဆေးခန်းပြချင်ဟန်ဆောင်ပြီး သေနတ်နဲ့ပစ်သွားတာ၊ ပွဲချင်းပြီးပဲ၊ စစ်တပ်က လူနာတင်ယာဥ်နဲ့ စဥ့်ကိုင်ဆေးရုံကို ခေါ်သွားတယ်။”
သေဆုံးသူမှာ မြန်မာ့မီးရထားဆေးရုံမှ တိုင်းဆရာဝန်ကြီး ဒေါက်တာဒေါ်တင်ချိုချိုကို ဖြစ်ပြီး ပလိပ်မြို့ စျေးကွက်သစ်ရပ်ကွက်နေသူတဦးဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ဘယ်သူပစ်လဲဆိုတာ ပြောဖို့ခက်တယ်။ လက်နက်က ပျံ့နေတာ။ လုယက်သူတွေကို လက်နက်တွေလည်း မိတာရှိသေးတယ်။ ဒါကြောင့် ဘယ်သူပစ်လဲဆိုတာ ပြောဖို့မလွယ်ဘူး။ စစ်တပ်ကတော့ လိုက်နေတာပဲ၊ ပစ်တဲ့သူကို မမိဘူး။”
ဘာ့ကြောင့် အခုလိုပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးသလို ဘယ်အဖွဲ့က လုပ်တယ် ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
လတ်တလောမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက စျေးကွက်သစ်ရပ်ကွက်မှာ စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။