မကွေးတိုင်း ပေါက်မြို့နယ် မြောက်ပိုင်းကျေးရွာတွေမှာ မေ ၁၅ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ပုံတောင်ပုံညာက ချောင်းဖျားခံ စီးဆင်းလာတဲ့ ကျောချောင်းရေ တဟုန်ထိုး မြင့်တက်လာတဲ့အတွက် ပြည်သူလူထုနေအိမ်တဲ ၁၀၀ ကျော် ရေနစ်မြုပ်သွားပါတယ်။
ပြည်သူတွေ အလျင်အမြန်ရွေ့နိုင်လိုက်ပေမယ့် စိုက်ခင်းထွက် ကြက်သွန်ပိဿာချိန် ထောင်ချီနဲ့ စပါးအတင်းရေ ထောင်ချီနဲ့ ရေစုပ်စက်၊ ဆိုလာမီးပြားတွေ အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေချိန် အခုလို ချောင်းရေ ရုတ်တရက်မြင့်တက်လာပြီး ဆုံးရှုံးခဲ့ရတာပါ။
“လူတွေက အမီရွှေ့နိုင်လိုက်ပါတယ်။ ကြက်သွန်တွေ၊ စပါးတွေ၊ မီးစက်တွေ၊ ဆိုလာတွေ၊ နှမ်းခင်း၊မြေပဲခင်းတွေ အများအပြားဆုံးရှုံးလိုက်ရတာပါ။ ကျနော်တို့ ကွင်းဆင်းလေ့လာနေပြီး လိုအပ်တဲ့ လူသားစာနာ အကူအညီတွေပေးနိုင်ဖို့ အမြန်ဆုံးဆောင်ရွက်နေပါတယ်” လို့ ဇုန်နယ်မြေ ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် အသက် ၇၀ ကျော် အဘိုးအိုတဦးလည်း နေရာရွှေ့ပြောင်းရင်း အအေးပတ်ပြီး ရုတ်တရက် ဆုံးပါးသွားတယ်လို့ ဆိုပါတယ်။
ဒေသခံကာကွယ်ရေးတပ်တွေက နစ်မြုပ်သွားတဲ့ လူနေအိမ်တဲတွေ၊ မျောပါသွားတဲ့ အသုံးအဆောင် ပရိဘောဂတွေ ဆယ်ယူဖို့နဲ့ ပြန်လည်နေရာချထားရေးအတွက် အလျင်အမြန် တုန့်ပြန်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။