Home
မြန်မာသတင်း
မိုခါဆိုင်ကလုံးကြောင့် ရခိုင်တွင် ပျက်စီးဆုံးရှုံးမှုကြီးမား၊ ယူနီဆက်ဖ်က ကွင်းဆင်းကူညီမည်
DVB
·
May 15, 2023
347102112_6328682080559944_5560278906409601808_n

ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်မှာ ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ် စေခဲ့ပြီး ယူနီဆက်ဖ်မြန်မာအနေနဲ့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ ပေးပို့သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ကနေ ပေးပို့လာတဲ့ ပုံတွေအရ ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားတယ်လို့ ဖော်ပြထားတာဖြစ်ပြီးတော့ ပြည်နယ်တွင်း ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာ တိမ်းရှောင်မှုတွေ အပြင် မုန်တိုင်းဒဏ်ပါ ခံစားခဲ့ရတဲ့ ကလေးသူငယ်တွေနဲ့ မိသားစုတွေအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကတော့ မုန်တိုင်းဒဏ်သင့်နိုင်တဲ့ ရခိုင်ပြည်နယ်နဲ့ အနီးနားဒေသတွေက လူဦးရေ ၄ သိန်းကျော်အတွက် ၁ လစာလုံလောက်တဲ့ စားနပ်ရိက္ခာတွေ ကြိုတင်နေရာချထားပြီးပြီလို့ ကနဦး ထုတ်ပြန်ထားပါတယ်။

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Ms. Sheela Matthew က “ကျမတို့ WFP အနေနဲ့ အဆိုးဆုံးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိသလို၊ အကောင်းဆုံး ဖြစ်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ လမ်းကြောင်းဟာ ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုကိုခံစားနေကြရပြီး ကြံ့ကြံ့ခံနိုင်စွမ်းအား နည်းတဲ့ ဒေသတွေ ဆီကို ဦးတည်နေပါတယ်။ အဲဒီဒေသတွေက မုန်တိုင်းဒဏ် ခံရနိုင်ခြေရှိတဲ့ လူများစွာဟာ လက်ရှိမှာတောင် WFP ရဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပုံမှန်အားဖြင့် မှီခိုအား ထားနေကြရတဲ့အခြေအနေမှာ ရှိနေကြတာပါ။ သူတို့အနေနဲ့ နောက်ထပ် ဘေးအန္တရာယ် တခုကို ဘယ်လိုမှ ခံနိုင်စွမ်းမရှိကြပါဘူး” လို့ ပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီက မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့လို့ တမြို့ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြိုနယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ ကြေညာထားပါတယ်။

ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ- ၁၁ အရ သတ် မှတ်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ  မေ ၁၄ ရက် မနေ့က မနက် ၁၁ နာရီခွဲ လောက်ကစပြီး  လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေ မြို့နားက  ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဆိုပါ မုန်တိုင်းနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနဲ့  ဧရာဝတီမှာ  သေဆုံးသူ ၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့  အမျိုးသားညီညွတ် ရေးအစိုးရ (NUG)က မုန်တိုင်းဘေး ကနဦး ထိခိုက်ပျက်စီးမှု အခြေအနေကို ထုတ်ပြန် ထားပြီး အသေးစိတ် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024