ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ရသေ့တောင်ကြားကို ဒီကနေ့ မေလ ၁၄ ရက် မွန်းတည့် ၁၂ နာရီခွဲမှာ ဝင်ရောက် တိုက်ခတ်နေတဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါ (MOCHA) ဟာ ကုန်တွင်းဖြတ်ကျော် ဝင်ရောက်ချိန် လေတိုက်နှုန်း တနာရီ ၉၄ မိုင်နှုန်း ရှိနေတယ်လို့ မိုးလေဝသ စောင့်ကြည့်သူတွေ ဆီက သိရပါတယ်။
“အခု လောလောဆယ် မုန်တိုင်းရဲ့ ဗဟို စဖြတ်နေပြီ။ ဖြတ်နေတဲ့အချိန်မှာ စစ်တွေမြို့ပေါ်မှာ လေတိုက်နှုန်းက တနာရီကို ၉၄ မိုင်နှုန်းနဲ့ တိုက်နေတယ်။ လေပြင်း (wind gust) က တနာရီကို မိုင် ၁၀၀ နှုန်းနီးပါးနဲ့ တိုက်နေတယ်။ မုန်တိုင်းဗဟို ကုန်တွင်းကို ဝင်အပြီး ညနေ ၄ နာရီလောက်မှာ မုန်တိုင်းရဲ့ နောက်ပိုင်းက တကြိမ်ထပ်ပြီး ဝင်လာပါလိမ့်မယ်။ လေတိုက်နှုန်းက ပင်လယ်ဘက်က ဝင်လာမယ့် အခြေအနေကြောင့် ပိုပြီး ပြင်းနိုင်တယ်။ မုန်တိုင်းနောက်ပိုင်း ဝင်တိုက်တဲ့ အချိန်က ဒီနေ့ ညသန်းခေါင်ကျော်အထိ ကြာနိုင်ပါမယ်။ မုန်တိုင်းဒီရေ ရိုက်ခတ်မှုလည်း ပိုမြင့်နိုင်၊ ပိုပြင်းနိုင်ပါမယ်” လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ပြောပါတယ်။
စစ်တွေကို ဝင်နေတဲ့ မုန်တိုင်း အခြေအနေက ည ၁၁ နာရီအထိ တနာရီကို ၃၆ မိုင်နှုန်းလောက်နဲ့ တိုက်နေဦးမှာဖြစ်ပြီး ည ၁၁ နာရီလောက်ဆို ဟားခါးနား ရောက်သွားပြီလို့ ခန့်မှန်းထားပါတယ်။
မိုခါ မုန်တိုင်းဟာ ချင်းပြည်နယ် ဟားခါးမြို့ကို ဖြတ်ပြီး စစ်ကိုင်းတိုင်းကို ဖြတ်ကာ ကုန်းတွင်း လေဖိအားနည်းရပ်ဝန်း အနေနဲ့ ကချင်ပြည်နယ်မှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။
လာမယ့် ၂၄ နာရီတွင်း စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းမှာလည်း မုန်တိုင်းအရှိန်ကြောင့် မိုးရွာတာ၊ လေပြင်းတိုက်တာတွေ ကြုံနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။