Home
မြန်မာသတင်း
အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ကမ်းရိုးတမ်းဒေသတွင် ပျက်စီးဆုံးရှုံးမှု ကြီးမားနိုင်
DVB
·
May 12, 2023
346489162_170200009327869_8875920122153072278_n
346471804_619920016684268_9057682943090741553_n
346471640_994442655056178_1682093513943956261_n

အားအလွန်ကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ခန့်မှန်းထားပြီး   အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၀၀မှ မိုင် ၁၁၀ ခန့်အထိ၊  ရခိုင်ပြည်နယ် မြစ်ဝ၊ မြစ်လက်တက်အတွင်း ၁၀ ပေမှ ၁၄ ပေထိ မုန်တိုင်းဒီရေ မြင့်တက်လာနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

မိုခါမုန်တိုင်းအရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ လျှင် မိုင် ၄၀ ကနေ  ၄၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မေ ၁၃ ရက်မှ ၁၅ ရက်အတွင်း ရခိုင်ပြည်နယ်မှာ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၀၀)မှ မိုင်(၁၁၀)ခန့်အထိ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် မိုင်(၄၀)မှ မိုင်(၆၀)ခန့်အထိ တိုက်ခတ်နိုင်သည်ဟု ခန့်မှန်းပါတယ်။ 

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိတာကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှု ဦးစီးဌာနက မေ ၁၂ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါဟာ နောက် ၆ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ရွေ့လျားပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဖြစ် ရောက်ရှိကာ မေ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားနဲ့ မြန်မာနိုင်ငံ၊ စစ်တွေနဲ့ ကျောက်ဖြူမြို့တို့ကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

မုန်တိုင်းအရွယ်အစားက အချင်းမိုင် ၅၀၀ လောက်အထိ ရှိနိုင်ပြီး မုန်တိုင်းပြင်းအားကလည်း ကြီးမားတာကြောင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတခုလုံး ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်လို့ မိုးလေဝသဆိုင်ရာ သုတေသီတယောက်က ခန့်မှန်း ပြောဆိုပါတယ်။

“နောက်ဆုံးရတဲ့ ကြိုတင်ခန့်မှန်းချက်တွေအရ ဆိုင်ကလုန်းမုန်တိုင်း မိုခါရဲ့ ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်တဲ့ လမ်းကြောင်း မိုင် ၃၀ ခန့်အပေါ် တက်သွားတယ်။ ဒါပေမဲ့ မုန်တိုင်းရဲ့ ကြီးတဲ့အရွယ်အစား အချင်းမိုင် ၅၀၀ လောက်အထိ ဖြစ်လာမယ်။ မုန်တိုင်းရဲ့ ပြင်းအားက ကြိုတင်ခန့်မှန်းချက်အရ မိုင်နှုန်းတွေတက်လာတယ်။ အဲဒါကြောင့် ကျနော့်အနေနဲ့ သတိပေးချင်တာက မြန်မာနိုင်ငံရဲ့ အနောက်ဘက်ကမ်းရိုးတန်းတခုလုံး ရခိုင်ကမ်းရိုးတန်းကနေ ဧရာဝတီကမ်းရိုးတန်းအထိ ကမ်းရိုးတန်းတလျှောက်လုံး ကြီးမားတဲ့ ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ လေတိုက်နှုန်း ၁၃၈ မိုင်အထိ ရောက်လာတဲ့ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၁၄၀ ရောက်တဲ့အချိန်မှာ ပင်လယ်ပြင်မှာ လှိုင်းအမြင့်က ၃၈ ပေရှိမယ်။”

“တနာရီ ၁၃၈ မိုင်နဲ့ ကုန်းတွင်းကို ဝင်မယ်။ မုန်တိုင်းဗဟိုကလည်း ကျောက်ဖြူနဲ့ စစ်တွေ၊ နောက်ပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ပါနေတယ်။ မုန်တိုင်းဗဟိုဖြတ်မယ့် လမ်းကြောင်းထဲမှာ ပါနေတယ်။ ဒီလောက်ပြင်းတဲ့ မုန်တိုင်းအခြေအနေ နောက်တခုက မြစ်ဝကျွန်းပေါ် ကမ်းခြေလိုမျိုးပဲ မြစ်တွေ ချောင်းတွေ ပေါ်နေတဲ့ နေရာဆိုတော့ အခြေအနေက နာဂစ်တုန်းကလို အခြေအနေလို ဖြစ်သွားနိုင်တယ်။ ဖြစ်သွားနိုင်တဲ့ အခြေအနေမှာ ဒီနေ့တရက်ကတော့ လိုအပ်လို့ရှိရင် ဒေသန္တရ အဖွဲ့အစည်းတွေ ပြည်သူတွေ စုပေါင်းပြီး မုန်တိုင်းလွတ်တဲ့ ဘေးလွတ်ရာကို ရှောင်သင့်ပြီလို့ ကျနော့်အနေနဲ့မြင်ပါတယ်” လို့ မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိအချိန်မှာတော့ မုန်တိုင်းဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့်မှာ ရှိနေပြီး မေ ၁၃ ရက် ညနေ ၆ နာရီခွဲမှာ အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့် ရောက်ရှိကာ တနာရီကို လေတိုက်နှုန်း မိုင် ၁၂၀ အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းပြင်းအားအရှိန်ကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တခုလုံး အပါအဝင် ဧရာဝတီတိုင်း အနောက်ဘက်ခြမ်း၊ ပုသိမ်မြို့၊ ကမ်းခြေဒေသတွေဖြစ်တဲ့ ဂေါ်ရင်ဂျီကျွန်း၊ ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေ အထူးသတိထားရမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။

မုန်တိုင်းအဖျားခတ်နိုင်တဲ့ ဒေသတွေထဲမှာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတို့ ပါဝင်ပြီး အထူးသဖြင့် ရန်ကုန်တိုင်း မြောက်ဘက်အခြမ်း ထန်းတပင်၊ မှော်ဘီ၊ တိုက်ကြီးဘက်တွေမှာ မေ ၁၂ ရက်ကနေ ၁၅ ရက်အတွင်း မိုးသည်းထန်စွာ ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီ ဦးဝင်းနိုင်က “မုန်တိုင်းအရွယ်အစားက ကြီးတယ်။ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် ဒီနေရာတွေအထိ မုန်တိုင်းရဲ့အရှိန် သက်ရောက်မှုရှိတယ်။ မုန်တိုင်းရဲ့ ညာဘက်ခြမ်းသည် သက်ရောက်မှု အားပိုပြင်းတယ်။ ကမ်းခြေကလူတွေက အသက်အန္တရာယ် စိုးရိမ်ရလောက်တဲ့အထိ အန္တရာယ်ရှိတယ်။ ကုန်တွင်းက မုန်တိုင်းရယ်၊ မုန်တိုင်း ညာဘက်ခြမ်းက သက်ရောက်မယ့် လူတွေသည် အသက်အန္တရာယ်တော့ မရှိဘူး။ ပစ္စည်းတွေ၊ အဆောက်အဦတွေ ပျက်စီး ဆုံးရှုံးသွားနိုင်တယ်။ ကံမကောင်းရင် သစ်ပင်လဲတာ၊ သစ်ကိုင်းကျိုးကျပြီး ပိတာ၊ မိုးကြိုးပစ်တာ၊ လေဆင်နှာမောင်းလိုမျိုးတိုက်တာ ဖြစ်လို့ အသက်သေဆုံးတာ အန္တရာယ် ဖြစ်နိုင်တယ်။ ဒါတွေကို သတိထားပါလို့ သတိပေးချင်ပါတယ်” လို့ ပြောပါတယ်။

မိုခါ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက် ရေကြီးမြေပြိုတာတွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်နဲ့ ကမ်းရိုးတန်းတလျှောက် မြစ်ချောင်းအင်းအိုင်တွေနား နေထိုင်သူတွေ ရေကြီးရေလျှံ သတိပြုကြဖို့ မိုးဇလက တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ရခိုင်ပြည်နယ် ကမ်းရိုးတန်းနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မုန်တိုင်းဒီရေ မြင့်တက်နိုင်တာကြောင့် မြေနိမ့်ဒေသ၊ ကမ်းခြေဒေသ နေထိုင်သူတွေ၊ တောင်ကုန်း တောင်စောင်းအနီးမှာ နေထိုင်ကြသူတွေကို မေ ၁၃ ရက် နောက်ဆုံးထားပြီး လုံခြုံတဲ့နေရာ ရွှေ့ပြောင်းကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024