အခုတပတ်အတွင်း လာမယ့် ဇွန် ၈၊ ၉၊ ၁၀ ရက်နေ့တွေမှာ ရခိုင်ကမ်းရိုးတန်းအနီး လေပွေလှိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး အလွန်ဆုံး လေဖိအားနည်းရပ်ဝန်းအဆင့်သာ ရောက်ရှိ နိုင်ခြေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ပါတယ်။
ဒါကြောင့်မို့ ရခိုင်ကမ်းရိုးတန်းနေ ပြည်သူတွေအနေနဲ့ နောက်ဆုံးရသတင်းတွေကို အလေးထား သတိပြုနားထောင်စေလိုကြောင်း အသိပေးထားပါတယ်။
ဇွန် ၅ ရက်ကနေ ၁၁ ရက်အထိ ရက်သတ္တပတ်အတွင်း မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်တွေကို ထုတ်ပြန်ထားတာဖြစ်ပြီး အခုတပတ်မှာတော့ ထူးခြားချက်အနေနဲ့ အနောက်တောင် မုတ်သုံလေဟာ မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းဒေသတွေကို မေ ၃၁ ရက်က စတင် ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကတဆင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းဒေသတွေကို လာမယ့် ဇွန် ၅ ရက်ကနေ ၇ ရက်အတွင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း (တပြည်လုံး)ကိုတော့ ၈ ရက်ကနေ ၁၀ ရက်နေ့တွေအတွင်းမှာ ဆက်လက်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်က မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေအိမ်အဆောက်အအုံတွေ၊ လယ်ယာမြေတွေနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးဆုံးရှုံးပြီးနောက် လူဦးရေ ၁ ဒသမ ၆ သန်းလောက်ဟာ အရေးပေါ် အကူအညီတွေ အပြင်းအထန် လိုအပ်နေတာပါ။
NUG အစိုးရကတော့ မုန်တိုင်းအရေးပေါ်တုံ့ပြန်ရေး ရန်ပုံငွေ ကန်ဒေါ်လာ ၁ သန်း ပံ့ပိုး သွားမှာ ဖြစ်တယ်လို့ ကနဦးထုတ်ပြန်ထားကာ မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့တဲ့ တိုင်းနဲ့ ပြည်နယ်တွေကို ထောက်ပံ့ကူညီမှုတွေ အရေးပေါ်လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောထားပါတယ်။
ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာကတော့ မိုခါမုန်တိုင်းဒဏ်ခံခဲ့ရတဲ့ မြန်မာပြည်သူ ၁ ဒသမ ၆ သန်းကို ကူညီနိုင်ဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမေရိကန်ဒေါ်လာ ၃၃၃ သန်း အရေးပေါ်ရန်ပုံငွေလိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။