ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ မေ ၁၀ ရက် မနက်က စစ်ကောင်စီတပ်က ကလေးငယ် ၇ ဦး အပါအဝင် ဒေသခံပြည်သူ ၁၈ ဦးကို အစုလိုက် မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက် ၁၀ နာရီလောက်က ကျောက်ကြီးမြို့နယ်နဲ့ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာကျေးရွာ မြောက်ကမ်းအနီးမှာ နယ်မြေရှင်းလင်းရေးအတွက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာတဲ့အပြင် PDF တွေကို လက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဒေသခံပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာပါ။
ဒေသခံတဦးက “အမှန်မှန်က ရွာသားတွေကို အပြစ်လုပ်ပြောတာ။ PDF ကို ရွာသားလက်ခံထားတယ်လို့ သူတို့မြင်တယ်။ အမှန်မှာတော့ ရွာသားကတော့ ဘယ်လက်ခံမတုန်း။ ဘယ်အဖွဲ့အစည်းမှ လက်မခံဘူး။ ဒါကို အဖွဲ့အစည်းဆိုတာက လာချင်တဲ့အဖွဲ့အစည်းက လာတာပဲလေ” လို့ ပြောပါတယ်။
ဒေသခံပြည်သူ ၁၈ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။
တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်တာ၊ အပြစ်မဲ့ပြည်သူတွေကို မီးရှို့သတ်ဖြတ်တာ၊ လေကြောင်းကနေ စောင့်ကြည့်ပျံသန်းနေတဲ့အတွက် ညောင်ပင်သာ၊ ဘုမ္မတီး၊ ကျွဲလမ်း၊ သရက်တန်း၊ ကြို့ပင်သာ၊ လက်လာကူ၊ ကျောက်ကြီးပေါင်း၊ သပြေညွန့် စတဲ့ အနီးအနားကျေးရွာက ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မေ ၉ ရက် မနက် ၅ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်တွေက ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်၊ ပိုးလိုနိုဖိုးကျေးရွာက နေအိမ် ၂ လုံး၊ လယ်ဝိုင်းကြီးကျေးရွာက နေအိမ် ၄၂ လုံး (ရွာလုံးကျွတ်)၊ စာသင်ကျောင်း ၁ ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနဲ့ ကျေးရွာသားပိုင် အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအရှေ့ဘက်ကမ်း ဘုမ္မတီးရွာ၊ ကျွဲလမ်းရွာ၊ သရက်တန်း၊ ကြို့ပင်သာရွာတွေကို မေ ၂ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီရဲ့ တောင်ငူလေတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၃ ဦး သေဆုံးပြီး ၅ ဦး ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။