ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးတိုက်ပွဲမှာ မေလ ၈ ရက်နေ့က KNDF တပ်ရင်း ၁၁ မှ တပ်ရင်းမှူး အန်းဂျေလို ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူရင်း မေလ ၉ ရက်နေ့မှာ ကျဆုံးသွားပါတယ်။
စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ တပ်ရင်းမှူး အန်းဂျေလို ရဲ့ ဈာပနကို မေလ ၁၀ ရက်နေ့မှာ KNDF ရဲဘော်တွေက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပါတယ်။
ရှေ့တန်းရဲဘော်တယောက်က "သူက ကွမ်းယာတအားကြိုက်တယ်။ ကနော့်နား ကွမ်းယာရှိသေးလားမေးသေးတယ်။ ကွမ်းတော့တောက်လျှောက်ဝါးတယ်။ ပြီးတော့ သူ့အလုပ်သူလုပ်။ ကျနော်တို့အလုပ် ကျနော်တို့လုပ်ကြတာပေါ့"လို့ ပြောပါတယ်။
တပ်ရင်းမှူး အန်းဂျေလိုက စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူ အခွင့်အရေး ရရှိရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးတို့ အတွက် အစွမ်းကုန် ကြိုးစားရင်း တော်လှန်ရေး အတွက် မြင့်မြတ်စွာ အသက်ပေးခဲ့တဲ့အတွက် အာဇာနည် သူရဲကောင်းအဖြစ် KNDF က မှတ်တမ်းတင်ထားပါတယ်။
စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ် နယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး အခုအချိန်ထိ သုံးလနီးပါး တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီက လေကြောင်းနဲ့ သာလွန်အင်အား အသုံးပြုတိုက်ခိုက်နေတယ်လို့သိရပါတယ်။
တိုက်ပွဲကာလပြင်းထန် ကြာမြင့်နေတာကြောင့် ရဲဘော်တွေအတွက် လက်နက်ခဲယမ်း၊ ရိက္ခာခြောက်၊ ဆေးဝါးနဲ့ အသုံးအဆောင်တွေ လိုအပ်နေလို့ ပြည်သူတွေ ပါဝင်ကူညီပေးကြဖို့ KNDF တိုက်တွန်းထားပါတယ်။