Home
မြန်မာသတင်း
ဖယ်ခုံတွင် တောင်ယာကပြန်လာသည့် လင်မယား ၂ ဦးကို စစ်တပ်က ပစ်သတ်
DVB
·
April 24, 2024
Phaekone_24042024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ တောင်ယာကနေ ပြန်လာတဲ့ လင်မယား ၂ ဦး ဧပြီ ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ့စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံခဲ့ရတယ်လို့ အသတ်ခံရတဲ့သူတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“သူတို့က ဖယ်ခုံကပဲ၊ ဗန်းမောက်နဲ့ တောင်ယာသွားတဲ့နေရာမှာ တောလမ်းလေးရှိတယ်။ အဲ့မှာ ဖြစ်တာနေမယ်၊ ကလေးသုံး​ယောက်ကျန်ခဲ့တယ်။ ကလေးတွေက ၁၄ နှစ်အောက်လေးတွေ၊ အန်တီတို့နဲ့က တလမ်းကျော်ပဲနေတာ၊ စစ်မရှောင်ခင်ကပေါ့။”

အသက် ၃၅ နှစ်နဲ့ ၄၀ ကြားရှိ ကိုမျိုးနဲ့ မရှတို့ လင်မယား ၂ ဦးဟာ ဖယ်ခုံမြို့၊ ဟိန္ဓမရပ်ကွက်ကနေ ဗန်းမောက်ရွာနားက တောင်ယာကနေ ပြန်လာချိန် ပစ်သတ်ခံရတာဖြစ်ပြီး အသက် ၁၄ နှစ်အောက် သားသမီး ၂ ဦး ကျန်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ဘာကြောင့် အခုလို ပစ်သတ်သွားလဲဆိုတာ မသိရေးသေးဘဲ ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ရှိမရှိကိုတော့ DVB က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ဖယ်ခုံမြို့၊ မိုးဗြဲမြို့၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ၊ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြစ်တာတွေနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာပါ။

ဧပြီ ၁၁ ရက်နေ့၊ ည ၁၀ နာရီလောက်ကလည်း ဖယ်ခုံမြို့နယ်၊ ပီးကင်းကျေးရွာရှိ ဈေးကို စစ်ကောင်စီက လေကြောင်းမှ မီးလောင်ဗုံးတလုံးနဲ့ လွယ်ယင်းကျေးရွာကို ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောင့်ရေးအသင်း (AAPP) က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

ဗုံးကြဲချတာကြောင့် လွယ်ယင်ကျေးရွာရှိ စာသင်ကျောင်းနဲ့ ဝပ်ရှော့အနီးရှိ နေအိမ်တလုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါ်မူစူနဲ့ အသက် ၃ နှစ်အရွယ် မောင်ဆန်းမင်းအောင် (ခ) သားသားတို့ မြေးဖွား ၂ ဦး ကျည်စထိမှန်ကာ နေရာမှာတင် သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မသန္တာဦးကတော့ ကျည်စထိမှန် ဒဏ်ရာရရှိပြီး ဆေးရုံကို ပို့ဆောင်ကုသနေစဉ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခု ဧပြီ ၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အသက် ၂ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် ၁၈ နှစ်အောက် သေဆုံးသူ မိန်းကလေး ၄ ဦးနဲ့ ယောကျ်ားလေး ၈ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ပြီး ၇ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံး သေဆုံးခဲ့ကြောင်း၊ အဆိုပါ ၁၂ ဦးအနက် ရှမ်းပြည်နယ်က ၆ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024