တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာမှာ မေ ၉ ရက် မနက်ပိုင်းက ဆီအုန်းတွေတင်ဆောင်လာတဲ့ ကားတစီး တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဆိုပါကားနံပါတ်မှာ CNJ MDY-1Q 4460 ဖြစ်ပြီး ယာဉ်မောင်းသူအမည်မှာ ဦးကျော်စိန် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေသခံတဦးက “ကားမှောက်တဲ့အကြောင်းရင်းက မိုင်း ၁ လမ်းအရှေ့မှာ တခြားယာဉ်တစီးကို လမ်းရှောင်ပေးရာက ကုန်တင်ချိန်များမှုကြောင့် မှောက်သွားတာပါ။ ကားမှောက်ပြီးတဲ့ နောက်ပိုင်းမှာ သက်ဆိုင်ရာဌာနက ရဲတွေ စစ်သားတွေတော့ စစ်ဆေးမှုတွေ လာလုပ်ကြတယ်” လို့ ပြောပါတယ်။
အဲဒီတိမ်းမှောက်တဲ့ကားမှာ ပသွေးပတောက်ဆီအုန်းခြံက ဆီအုန်းတွေ သယ်ဆောင်လာတဲ့ ကားဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး တခြားထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်ကလည်း မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာမှာ ရှင်ကဇိန်ဘုရားမုခ်ဦးကို မြေတင်ကားမောင်သမားတဦးက တိုက်မိပြီး မုခ်ဦးပြိုကျကာ ယာဉ်မောင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။