မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေမှာ မေလ ၇ ရက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးကာ ၈ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။
ပေါက်မြို့နယ်၊ အုန်းတောရွာနားမှာ မေလ ၇ ရက် မနက် ၆ နာရီခွဲလောက်က အဖွဲ့ ၂ ဖွဲ့ခွဲပြီး အင်အား ၄၀ လောက်နဲ့ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို အုန်းတောရွာ လမ်းမကြီးဘေး မဲဇလီတန်း အနောက်ဘက်မှာ မိုင်း ၁၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ယောက် ပွဲချင်းပြီးသေဆုံးကာ ၆ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး မနက် ၉ နာရီ ၄၀ မိနစ်လောက်မှာ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေ အပါအဝင် စစ်သားတွေနဲ့ ပျူစောထီးတွေကို ကားတစီးနဲ့ လာတင်ပြီး ပေါက်မြို့ဘက်ကုိ မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
“အဲဒီစစ်ကြောင်းဟာ အင်အား ၅၀ လောက်ထပ်တိုးပြီး အုန်းတောရွာ အနောက်ဘက်မှာ ကင်းပုန်းဝပ်နေလို့ ည ၇ နာရီလောက်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ငယ်တွေနဲ့ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ ရှိနိုင်တယ်” လို့ ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပေါက်မြို့နယ် ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဘက်က ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် မြိုင်မြို့နယ် ကန်နီ ပျူစောထီးရွာကိုလည်း မေလ ၇ ရက် မနက် ၁၀ နာရီလောက်ကနေ ညနေ ၃ နာရီအထိ ဒရုန်းနဲ့ မီးလောင်ဗုံး အလုံး ၂၀၊ အီနာဂါဗုံးသီး အလုံး ၄၀ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက်နဲ့ ပျူစောထီး ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ကန်နီရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ မေလ ၅ ရက်နေ့မှာ မကျည်းလေးပင်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့လို့ ပြည်သူတွေရဲ့ နေအိမ် ၁၇ လုံးလောက် မီးလောင်ကျွမ်းခဲ့တဲ့အတွက် လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
“အဲဒီတိုက်ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၁ ဒရုန်းတပ်စိတ်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်(...)၊ ပျူ(...)တွေအနေနဲ့ အသိတရားရရှိဖို့၊ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေ နေ့စဥ် ခံစားနေအောင် ရည်ရွယ်ကာ တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ကျနော်တို့ဘက်က ရဲဘော်တွေ ထိခိုက်မှုမ ရှိခဲ့ဘူး” လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။