မွန်ပြည်နယ်၊ ရေးမြောက်ပိုင်း PDF စခန်းကို စစ်ကောင်စီတပ်တွေက မေ ၇ ရက် ညက တကြိမ်၊ ဒီနေ့မနက် တကြိမ် လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ PDF ရဲဘော် ၃ ယောက် ကျဆုံးခဲ့တယ်လို့ ရေးမြောက်ပိုင်း PDF တာဝန်ခံ ဗိုလ်ရန်နိုင်က ပြောပါတယ်။
“ည ၁၁ နာရီ ၅၃ မိနစ်မှာ ဗုံး ၂ လုံး လာကြဲသွားတယ်။ ဒီနေ့မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ရဟတ်ယာဉ်နဲ့ ပတ်ပြီး လာပစ်သွားတယ်။ ဒီနေ့မနက်ဘက်က သတင်းကြိုရထားတော့ ထိခိုက်မှုမရှိဘူး။ ညက အခင်းဖြစ်တဲ့နေရာမှာ တဦးကျ၊ နောက်ထပ် သွေးလွန်ပြီး ၂ ဦးထပ်ကျပြီး မကွဲတဲ့ဗုံးတလုံး ကျန်နေတယ်။”
စစ်ကောင်စီဘက်က လွန်ခဲ့တဲ့ လေးငါးရက်က ကင်းထောက်လေယာဥ်နဲ့ လာဝဲပြီး စခန်း တည်နေရာကို သိကာ လေယာဥ်နဲ့ ဗုံးလာကြဲ တိုက်ခိုက်သွားခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရေးမြို့နယ်ထဲကို ညဘက်ဆို ကင်းထောက်လေယာဥ်သံ၊ ဂျက်ဖိုက်တာ လေယာဥ်သံတွေ ပျံဝဲနေတာ နေ့တိုင်းလိုလိုပါပဲ။ အခုရက်မှာ ဒေသကာကွယ်ရေးတပ်နဲ့ တိုက်ပွဲတွေမရှိပေမဲ့ လေယာဥ်သံတွေကြောင့် စိုးရိမ်မကင်းဖြစ်ရတယ်” လို့ ပြောပါတယ်။
ရေးမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က မြေပြင်မှာ အထိအခိုက် အကျအဆုံးတွေ များပြားနေပါတယ်။