ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် ၇ စည်တော်ကြီး လက်ဖက်စက်ရုံဝန်းအတွင်း ယာဉ်မောင်းတဦး မတ်လ ၈ ရက် မနက်ပိုင်းမှာ ဆွဲကြိုးချသေဆုံးခဲ့တယ်လို့ စက်ရုံဝန်ထမ်းတွေဆီက သိရပါတယ်။
ဆွဲကြိုးချသေဆုံးသူမှာ ဦးမောင်မောင် အသက် (၄၅ နှစ်) ဖြစ်ပြီး စက်ရုံအတွင်းနေထိုင်ကာ ရုံးပိတ်ရက်တွေမှ နေအိမ်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။
စက်ရုံဝင်းအတွင်းနေထိုင်သူတဦးက “ညက ပူလို့ဆိုပြီး အပြင်မှာထွက်အိပ်တာ။ သူက အရက်ဖြတ်ထားတာတော့ မကြာသေးဘူး။ အရက်ကြောင် ကြောင်တာလားတော့ မသိဘူး။ မနက်စောစောပိုင်းကမှ အခုလိုပုံစံနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာပါ” လို့ ပြောပါတယ်။
ဆွဲကြိုးချသေဆုံးသူ ဦးမောင်မောင်ဟာ စည်တော်ကြီး လက်ဖက်စက်ရုံမှာ ယာဉ်မောင်းလုပ်ကိုင်နေတာ ၁၀ နှစ်ဝန်းကျင်ခန့်ရှိပြီး မြေပြင်နဲ့ ၃ ပေခန့်အမြင့်ရှိ သံရေပိုက်ကို ရေပုံးကြိုးနဲ့ မှောက်လျက်အနေအထားနဲ့ ဆွဲကြိုးချသေဆုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးရုပ်အလောင်းကို ကရုဏာတွဲလက် ရှင်ရေးနာရေးကူညီမှုအသင်းက လှိုင်သာယာမြို့နယ် ဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့ပြီး သေဆုံးမှုကို နယ်မြေခံရဲစခန်းက သေမှုသေခင်း ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းက ရှမ်းပြည်နယ် အောင်ပန်းမြို့မှာလည်း အသက် (၂၃ နှစ်) ခန့် အမျိုးသား လူငယ်တဦး ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။