စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အရှေ့ခြမ်း ကဘွက်ရွာနဲ့ ကုတ်တက်ရွာအပါအဝင် အနီးနားကကျေးရွာတွေကို မေ ၇ ရက် မနက် ၁၀ နာရီမှာ စစ်ကောင်စီက မီးရှို့ခဲ့လို့ ရွာသား ၃၀၀၀ လောက် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ မေ ၆ ရက်က မန္တလေးမြို့ကနေ စဉ်ကူးမြို့နယ်အတွင်းက နွယ်ရုံကျေးရွာ၊ ကျည်တောက်ပေါက်ကျေးရွာ၊ ချောင်းသလဲကျေးရွာ၊ ရွှေကျင်ကျေးရွာ၊ အင်းဇောက်ကြီးကျေးရွာ စတဲ့ ရွာတွေဆီကို စစ်ကြောင်းသုံးကြောင်းဖြန့်ပြီး စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတ ရွားသားတဦးက “ရွှေကျင်ကျေးရွာနဲ့ အင်းဇောက်ကြီးကျေးရွာ နှစ်ရွာကို မီးရှို့ဖျက်ဆီးတာက စစ်ကြောင်းတကြောင်း၊ အဲတာပြီးတော့ ရေမြက်ကျေးရွာ၊ မင်းမရုံကျေးရွာဘက်က တက်လာတာက စစ်ကြောင်းတကြောင်း၊ ကျောက်မြောင်း၊ လေမသိန်းဘက်က တက်လာတာက စစ်ကြောင်းတကြောင်း စုစုပေါင်း စကစ စစ်ကြောင်း ၃ ကြောင်းပေါင်းပြီး ပတ်ပြီးထိုးလာတယ်။ အဲဒီကနေ ဧရာဝတီမြစ်အရှေ့ဘက် သပိတ်ကျင်းနယ်ကနေ မြစ်အနောက်ဘက် ကျနော်တို့ခင်ဦးမြို့နယ်ဘက်ကို မြစ်ကူးကာ ခြေလျင်စစ်ကြောင်းထိုးလာတာ” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းမှာ စစ်သားအင်အား ၂၀၀ လောက် ပါတယ်လို့လည်း ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။
“သူတို့လာပြီဆိုရင် အရပ်သားပြည်သူတွေကတော့ အကုန်ထွက်ပြေးရတယ်။ နွေရာသီလည်းဖြစ်တော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေပါတော့ အတော်လေးဒုက္ခရောက်ပါတယ်။ သူတို့ အဲလို စစ်ကြောင်းထိုးလာပြီး မနက် ၁၀ နာရီလောက်ရောက်တော့ ကဘွတ်ရွာကို စမီးရှို့တယ်၊ ညနေပိုင်းရောက်တော့ ကုတ်တက်ရွာကို လက်နက်ကြီးငယ် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူနေအိမ်တွေကို မီးရှို့တာ။ ရွာသားတွေကတော့ ဘယ်သူမှ ကိုယ့်ရွာထဲကို ပြန်မဝင်ရဲသေးဘူး။ စစ်ကောင်စီကလည်း ကုတ်တက်ရွာမှာပဲ ရှိနေသေးတယ်။”
စစ်ကောင်စီတပ်က ကျေးရွာတွေကို မီးရှို့နေသလို ဒေသခံကာကွယ်ရေးတပ်နဲ့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး ပြည်သူကာကွယ်ရေးအဖွဲ့ကရဲဘော် ၁ ဦး ကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးခေါင်းဆောင်က ပြောပါတယ်။