မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေလ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီကား ၃ စီးမိုင်းဆွဲတိုက်ခိုက်ခံရကာ စစ်ကူလာတဲ့ ကား ၅ စီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ပခုက္ကူမြို့နယ် ပကဖ ကနေ သိရပါတယ်။
ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီကား ၃ စီးကို မနေ့ မနက် ၅ နာရီလောက်က သာကြီးတောင်နားမှာ ပဒေသာမိုင်း ၁၄ လုံး နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပကဖကနေ ရဲ့ ပြန်ကြားရေးတာဝန်ခံ အတီးက ပြောပါတယ်။
“ကား ၂ စီးထိခိုက်ပျက်စီးသွားတယ်။ ပျက်စီးသွားတဲ့ကားကို သာကြီးတောင်ရေနံမြေမှာ ဝင်ပြင်တယ်လို့သတင်းရတယ်။ နောက်တစီးကကျတော့ Jammer ပါတော့ကျတော့ဆွဲလို့ မရဘူးဖြစ်နေတယ်။ အဲဒီကားပေါ်မှာလည်း စစ်(...)တွေပါတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ပခုက္ကူမြို့ကနေ နောက်ထပ် ကား ၅ စီး စစ်ကူအနေနဲ့ကော ရိက္ခာအနေနဲ့ကော နောက်ထပ် ထပ်ထွက်လာတာ။ အဲဒီကားပေါ်မှာတော့ (....)အင်အားတယ်။ ကျနော်တို့က ကြိုစောင့်ပြီးတော့ အီနာဂါဗုံးသီး ၆ လုံးနဲ့ ဖြုတ်ချတိုက်ခိုက်ခဲ့လို့ ကားပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တယ်။”
အဲဒီတိုက်ခိုက်မှုကြောင် စစ်ကောင်စီဘက်က ၄ ယောက်ထက်မနည်း ဒဏ်ရာရရှိကာ ပခုက္ကူဆေးရုံမှာ အတွင်းလူနာအဖြစ် အရေးပေါ် ဆေးဝါးကုသမှုခံယူနေရပြီး သေဆုံးသူ ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ(၁)ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်မှာ ကန်တော်ကျေးရွာနားမှာလည်း မနေ့မနက်ပိုင်းက စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။
မနေ့ မနက် ၈ နာရီခွဲလောက်က စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေလိုက်ပါလာတဲ့ ကား ၅ စီးကို ကန်တော်ရွာကို ဖြတ်သွားတဲ့အချိန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၈ ယောက် အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး မိုင်းဆွဲခံရတဲ့ ကားတစီးကတော့ ကမ္မမြို့နားကဂျိုးပျံရပ်ကွက်မှာ မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ပခုက္ကူမြို့ဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ကမ္မမြို့အနောက်ဘက်မှာ မြိုင်ပကဖတပ်ရင်း(၁)နဲ့ KMDF တို့ပူးပေါင်းပြီး မိုင်း ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ယောက်ကားပေါ်ကပြုတ်ကျကာ သေဆုံးသွားတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။
ပခုက္ကူမြို့နယ်မှာ မေလ ၄ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာလည်း စစ်ကောင်စီကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ ၇ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖ ကနေသိရပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။