ရခိုင်ပြည်နယ်၊ ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှ မိန်းကလေး ၁၃ ဦးနဲ့ ထိုကျေးရွာရှိ ဝန္ဒာပါလကျောင်းတိုက်မှ ကိုယ်ရင် ၃၁ ပါး ရန်ကုန်ရွှေပြည်သာမြို့နယ်ရှိ မောင်တော (၃) မိုင် ကျောင်းမှာ ပညာသင်ယူဖို့ မေ ၆ ရက်က သွားရောက်ခဲ့ရာ သံတွဲမြို့အထွက် စစ်ဆေးရေးဂိတ်က သွားခွင့်မပြုတဲ့အတွက် လည့်ပြန်ခဲ့ကြရတယ်လို့ လိုက်ပါပို့ဆောင်သူ ကိုထွန်းနိုင်က ပြောပါတယ်။
"ထက်မြတ်လှဲကျေးရွာက မိဘတွေ ပညာမသင်နိုင်ကြားနိုင်ကြတဲ့ ကလေးတွေကို ရန်ကုန်ရွှေပြည်သာမှာရှိတဲ့ မောင်တော (၃) မိုင်ကျောင်းမှာနေပြီး ပညာသင်ကြားနိုင်ဖို့ ပို့ဆောင်ကြတာ။ အဲဒါကိုအခြားဂိတ်တွေမှာ ဘာပြဿနမရှိခဲ့ဘူး။ သံတွဲမြို့အထွက် ဂိတ်ကစစ်ဆေးပြီး သွားခွင့်မပြုတာ။"
မိန်းကလေ ၁၃ ဦးနဲ့ ကိုယ်ရင် ၃၁ ပါးတို့မှာ အသက် ၈ နှစ်မှ ၁၅ အတွင်းအရွယ်မရောက်ကြသူတွေ ဖြစ်ကြပြီး မှတ်ပုံတင်မရှိဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး လက်မှတ်တွေသာ ပါတဲ့အတွက် သွားခွင့်မပြုတာလို့ ဆိုပါတယ်။
မောင်တောမြို့ ၃ မိုင်ဆရာတော်ကြီးက "မြိုလူမျိုးတွေက တောတောင်တွေမှာပဲ နေထိုင်ပြီး အသက်မွေးနေကြရတာ။ မြို့မှာနေပြီး ပညာတွေသင်ဟူပြီး ပညာတတ်တွေဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီကလေးတွေကိုပို့တာ။ အာဏာပိုင်တွေက လူကုန်ကူးမူတွေနဲ့ အကျုံးဝင်နေတာကြောင့် သွားခွင့်မပြုဘူးလို့ ပြောတယ်" လို့ မိန့်ပါတယ်။
မောင်တော ၃ မိုင်ပရဟိတ္တကျောင်းဆရာတော်ဟာ ရန်ကုန်ရွှေပြည်သာမြို့နယ်မှာလည်း မောင်တော ၃ မိုင်ကျောင်းအမည်နဲ့ ပရဟိတ္တကျောင်းတကျောင်း တည်ထောင်ထားပြီး ပညာမသင်နိုင်တဲ့ မြိုလူမျိုးကလေးငယ်တွေကို ပညာသင်ပေးနေတာလို့ သိရပါတယ်။
ပုဏ္ဏာကျွန်းမြို့နယ် အထက်မြတ်လှဲကျေးရွာမှာလည်း မြိုလူမျိုးတွေနေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ပညာမသင်နိုင်တဲ့ ကလေးငယ်တွေကို ရန်ကုန်ရှိပရဟိတ္တကျောင်းကို ပို့ဆောင်စဉ် အခုလို တားဆီးခံခဲ့ရတာပါ။။