ပဲခူးမြို့ ဇောင်းတူကျေးရွာ၊ ကွမ်းတန်းလမ်းရှိ နေအိမ်တလုံးမှ မတ် ၇ ရက် မနက် ၂ နာရီကျော်က ဒေါ်တင်လှပိုင်နေအိမ် မီတာဘုံးမှတဆင့် ဝါယောရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၉ လုံး ဆုံးရှုံးခဲ့တယ်လို့ နယ်ခံတွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တဦးက "ညက လျှပ်စစ်မီး လာလိုက်ပျက်လိုက် ခဏခဏဖြစ်တယ်။ ရာသီဥတုကလည်းပူတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို မပိတ်ဘဲ အိပ်ကြတာများတယ်။ ပန်ကာကတော့ တောက်လျှောက်ဖွင့်ထားကျတာ မီတာဘုံးက စလောင်တာ” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် သွပ်မိုး ပျဉ်ကာ နှစ်ထပ်အိမ် ၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးဘေးသင့်သူ ၃၂ ဦး ရွာခံဘုန်းကြီးကျောင်းမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။
နေအိမ် မီးလောင်ဆုံးရှုံးခဲ့သူတဦးက "မီးစတင်လောင်ကျွမ်းတဲ့ အိမ်ရှင်ကိုတော့ ဖမ်းဆီး စစ်ဆေး နေတယ်။ လတ်တလော အကူအညီတော့ လိုတာပေါ့။ စားရေးသောက်ရေးကို ရွာဘုန်းကြီးကပဲ တာဝန်ယူထားရတာ။ အိပ်ကောင်းတဲ့ အချိန်ကြီး မီးကလောင်တော့ တန်ဖိုးရှိတဲ့ ပစ္စည်းတောင် မသယ်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။
မီးလောင်ကျွမ်းမှုကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ရေကား ၅ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ အချိန် ၁ နာရီ ကြာငြှိမ်းသတ်ခဲ့ရပြီး ကာလတန်ဖိုး ၈၃ သိန်းကျော် ဆုံးရှုံးခဲ့ကာ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိဘူးလို့ သတင်းထုတ်ပြန်ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၀ ရက်ကလည်း ပဲခူးမြို့ ၊ မြို့တွင်းကြီးရပ်ကွက်မှာ ရေခဲသေတ္တာ အပူလွန်ပြီး မီးလောင်ခဲ့ရာမှ ဆိုင်ခန်းတွဲ ၅ ခန်း မီးလောင်ဆုံးရှုံးခဲ့ပါတယ်။