နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပေါင်းလောင်းမြစ်အတွင်း မေလ ၆ ရက် ညနေ ၃ နာရီက သူငယ်ချင်းတွေနဲ့ ရေဆင်းကူးတဲ့ လူငယ်နှစ်ယောက် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်းအနီး ပေါင်းလောင်းမြစ်မှာ မနေ့ညနေသုံးနာရီက လူငယ် ၅ ယောက်ရေဆင်းကူးရာမှာ ယောကျ်ားလေးတစ်ယောက်နဲ့ မိန်းကလေး တစ်ယောက် ရေနစ်သေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ငါးယောက်စလုံးက အသက် ၁၆ ကနေ ၂၀ လောက်ပဲရှိမယ်။ ပျဥ်းမနားနဲ့ ပုပ္ပသီရီက လူငယ်တွေ ရေဆင်းကူးရင်း နှစ်ယောက်နစ်သွားတာ ရေငုပ်ကျွမ်းကျင်သူတွေလိုက်ရှာတာ ညနေ လေးနာရီခွဲမှာ အလောင်းကို ပြန်တွေ့တယ်။”
သေဆုံးသူနှစ်ယောက်မှာ ပျဥ်းမနားမြို့နယ် ရွာကောက်ရပ်ကွက်နေ အသက် ၁၆ နှစ်အရွယ်ရှိ မောင်ကောင်းခန့်နဲ့ ပုပ္ပသီရိမြို့နယ် အောင်သာယာရပ်ကွက်နေ အသက် ၂၀ အရွယ်ရှိ မမျိုးထက်မြတ်တို့ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။
"ကျည်တောင်ရွာက ရေငုပ်သမားတွေရှာပေးလို့ပြန်တွေ့တာ ခုတင် ၁၀၀၀ ကို ပို့လိုက်တယ်၊ ရေဆင်းနယ်မြေရဲစခန်းက သေမှုသေခင်းနဲ့ဖွင့်တယ်"လို့ ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်ကလည်း ပေါင်းလောင်းမြစ်အတွင်းမှာ ရေဆင်းကူးတဲ့ ဇမ္မူသီရိမြို့နယ် ဘောဂသီဒ္ဓိရပ်ကွက်မှာနေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ်ရှိ ကိုမိုးဝေယံ ဆိုသူ ရေနစ်သေဆုံးခဲ့ပါတယ်။