ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနီးမှာ ဒီနေ့ မေ ၆ ရက်၊ မနက် ၁၀ နာရီ ၅၆ မိနစ်အချိန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗုံးပေါက်ကွဲသံကို ဗဟန်းမြို့နယ် နေရာတော်တော်များများမှာ ကြားသိလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်မြို့ခံတဦးက "အခြေအနေကတော့ ရုပ်ရှင်အစည်းအရုံး ဗုံးပေါက်တယ်လို့ ကနဦး သိရတယ်။ ပေါက်ကွဲမှု ဖြစ်စဉ်အပြီးတော့ ရွှေဂုံတိုင်မီးပွိုင့်ဘက်မှာ စစ်ဆေးမှုတွေ ရှိခဲ့တယ်"လို့ ပြောပါတယ်။
လတ်တလောမှာတော့ ဗုံးပေါက်ကွဲမှုကြောင့် ဘယ်လောက် ထိခိုက် ပျက်စီးတယ်ဆိုတာ မသိရသေးဘဲ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီကနေ့ မေ ၆ ရက်မှာ စစ်ကောင်စီက နေပြည်တော်၊ မြို့တော်ခန်းမအနီး လဟာပြင် ကဇာတ်ရုံမှာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ ဒီပွဲဟာ အာဏာသိမ်း စစ်ကောင်စီ လက်ထက်မှာ ၃ နှစ်စာ ပေါင်းပြီး ကျင်းပတာပါ။
တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အကယ်ဒမီပေးပွဲကို ပြည်သူတွေ မကြည့်ရှုဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းထားပြီး စစ်ကောင်စီကလည်း အနုပညာရှင်တွေကို ဖိအားပေး တက်ခိုင်းတာ၊ မက်လုံးပေး စည်းရုံး တက်ခိုင်းတာတွေ ရှိနေပါတယ်။