ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ညမထွက်ရအမိန့် ထုတ်ပြန်ပြီးနောက် လူငယ်အမျိုးသားတွေကို အဓိကထားပြီး လိုက်လံဖမ်းဆီးထောင်ချ နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရဲတပ်ဖွဲ့၊ စစ်ကောင်စီတပ် အပါအဝင် ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်တွေ မြို့ထဲလှည့်ပတ်ကာ လူငယ်အမျိုးသားတွေကို အဓိကထား စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ၂၀ ဝန်းကျင်ရှိလာပြီး ၁ ဦးသေဆုံးကာ ငွေကြေးနဲ့ ပြန်ရွေးရတာတွေလည်း ရှိတယ်လို့ မြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။
“ဖမ်းခံရတာ အယောက် ၂၀ လောက်ရှိတယ်။ အလုပ်နောက်ကျမှ ပြန်လာတဲ့သူတွေပေါ့။ မိန်းကလေးမပါဘူး၊ ယောကျ်ားလေး လူငယ်တွေချည်းပဲ။ ပိုက်ဆံရှိတဲ့သူတွေကတော့ လာရွေးတယ်၊ တယောက် ၁၀ သိန်းနဲ့ ၃ ယောက်လောက်ရှိတယ်။ မရှိတဲ့သူတွေကတော့ ဖမ်းခံထိထားတာပေါ့။ ဖမ်းပြီးရင် အချုပ်ထဲမှာ ၃ ရက်ထားတယ်။ ပြီးတော့ လေယာဥ်နဲ့ ခေါ်သွားလိုက်တယ်။ ဘယ်ကိုခေါ်သွားလိုက်မှန်းမသိဘူး။ ၁ ယောက်ကတော့ အထဲမှာ ထုရိုက်ခံရပြီး သေသွားတာ။”
ကြာအင်းဆိပ်ကြီးမြို့ထဲက ဖမ်းခံရသူတွေကို ဘားအံ တောင်ကလေးထောင်ကို ပို့ဆောင်ကာ ဖမ်းဆီးခံရသူတွေထဲမှာလည်း စစ်ကောင်စီတပ်လက်အောက်ခံ ထွေအုပ်စာရေးတဦး ပါဝင်နေပြီး အဲ့ဒီသူကိုတော့ ကြာအင်းဆိပ်ကြီးရဲစခန်းက အချုပ်ခန်းမှာသာ ဖမ်းဆီးထားတယ်လို့ မြို့တွင်းနေထိုင်သူ အမျိုးသားတဦးက ပြောပါတယ်။
“ညနေ ၆ နာရီထိုးရင်တော့ ရောက်တဲ့နေရာမှာ နားလိုက်ကြတယ်။ လွန်ခဲ့တဲ့အပတ်က ဖမ်းထားတဲ့ စကစ ထွေအုပ်စာရေးတယောက် ဆိပ်ကြီးရဲစခန်းအချုပ်မှာ ရှိနေသေးတယ်။ ဖမ်းခံရတဲ့သူတွေကို ဘားအံထောင်ကို ပို့လိုက်တယ်။ ဘားအံ တောင်ကလေးထောင်မှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ၁၄၄ စစ်ခုံရုံးနဲ့ တိုက်ရိုက်။ ထောင်ကျတာကတော့ ၁၈ လလို့ ကြားတယ်” လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် စစ်ကောင်စီက ထုတ်ပြန်ခဲ့တာပါ။
ညဘက်တွေမှာ စစ်ကောင်စီတပ်က မီးအမှောင်ချပြီး ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် ဈေးရောင်းဈေးဝယ်သူတွေနဲ့ အလုပ်သွားလာတဲ့သူတွေမှာ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘားအံမြို့၊ မြဝတီမြို့နဲ့ ကော့ကရိတ်မြို့နဲ့တို့မှာလည်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ညမထွက်ရအမိန့်ကို ကျော်လွန်ပြီး အပြင်ထွက်သူတွေကိုလည်း စစ်ဆေးဖမ်းဆီး ထောင်ချတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။