ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှာ မေလ ၄ ရက် ညပိုင်းက စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းတခု တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီးတဦး သေဆုံးကာ သေနတ် ၁ လက်ပါ သိမ်းယူနိုင်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက သတင်းထုတ်ပြန်ထားပါတယ်။
ချောင်းဗျဲကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာမှာ ည ၈ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ကင်းစခန်းကို တော်လှန်ရေးအင်အားစုတွေက ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “အဲ့စခန်းက လူသိပ်မရှိဘူး၊ အစောင့်သဘောမျိုးလောက်ပဲ နေတာ။ သစ်၊ မီးသွေး စက်လှေတွေကို ငွေကောက်တဲ့ဂိတ်စခန်းပုံစံမျိုး၊ ညကတော့ ဝင်ပစ်သွားတာ၊ အဲ့စခန်းက တပ်ကြပ်ကြီးသေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
သေဆုံးခဲ့တဲ့ တပ်ကြပ်ကြီးဟာ မအူပင်မြို့ အခြေစိုက် ခလရ ၂၇ က တပ်ကြပ်ကြီး အေးမြင့် ဖြစ်ပြီး ဘိုကလေးမြို့မှာ လာရောက်စခန်းထိုင်နေချိန် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ရောက်လာပြီး ကျေးရွာတဝိုက် ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဂိတ်ကင်းစခန်းကို ပစ်ခတ်တာဟာ ဘိုကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Irrawaddy Black Shark UG အဖွဲ့တို့ ပူးပေါင်းပြီး နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဒီနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။