ရန်ကုန်၊ အင်းစိန်မြို့နယ်၊ မင်းဓမ္မလမ်းပေါ်မှာ မေလ ၄ ရက် ညပိုင်းက တက္ကစီယာဉ် ၁ စီး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့တာကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အင်းစိန်မြို့နယ် ကြက်ခြေနီအသင်းက ပြောပါတယ်။
အဲ့ဒီည ၈ နာရီ ၂၅ မိနစ်ခန့်က ပရိုဘောက်တက္ကစီယာဥ်ဟာ မရမ်းကုန်းမြို့နယ်ဘက်ကနေ မင်းဓမ္မလမ်းအတိုင်း မောင်းလာတာဖြစ်ပြီး အင်းစိန်မြို့နယ်ထဲက မင်းဓမ္မလမ်းမအရောက်မှာ အရှိန်လွန်ကာ ဓာတ်တိုင်ဝင်တိုက်မိခဲ့တာပါ။
“မရမ်းကုန်းနဲ့ အင်းစိန်အစပ် မင်းဓမ္မလမ်းမပေါ်မှာပေါ့၊ အဲ့ဒီအနီးအနားမှာနေတဲ့သူက ကားတစီး ဓာတ်တိုင်ဝင်တိုက်တယ်ဆိုပြီး ဖုန်းဆက်လာတာ။ ကားက ကျား ၃ ဦး၊ မ ၂ ဦး ထိခိုက်ဒဏ်ရာ ရပါတယ်” လို့ အင်းစိန်မြို့နယ် ကြက်ခြေအနီအသင်းက ပြောပါတယ်။
ဓာတ်တိုင်ဝင်တိုက်မှုကြောင့် ကားဘက်ဘက်ခေါင်းခြမ်းပျက်စီး၊ ယာဉ်မောင်းက ကားခေါင်းခန်းထဲ ညပ်နေပြီး ကားပေါ်မှာ ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးအနက် အမျိုးသား ၂ ဦးမှာ လက်ကျိုး၊ ရင်ဘတ် ဦးခေါင်း ထိခိုက် စိုးရိမ်ရဒဏ်ရာနဲ့ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၁ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။
ယာဉ်ထိခိုက်မှုနေရာကို လမ်းသွားလမ်းလာတွေက ကြက်ခြေနီအသင်းနဲ့ ကယ်ဆယ်ရေးအသင်းတွေကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ သိရပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကို အင်းစိန်မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။