ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာ မေလ ၄ ရက်နေ့က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ် ၆၄ လုံး ပျက်စီးတာတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကုန်းပြင်ကျေးရွာအုပ်စုအတွင်းက ကျီးပင်ကျေးရွာ၊ ကုန်းပြင်ကျေးရွာ၊ ထုံးပေါ်ကျေးရွာ၊ ကျောက်တလုံး ကျေးရွာနဲ့ ကမ်းနားစုကျေးရွာတွေမှာ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး လူနေအိမ်တွေ ပျက်စီးခဲ့ပေမယ့် သေဆုံး ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
“ ရုတ်တရက်တိုက်တော့ အကုန်လုံး အမိုးလန်ကုန်တာ၊ သတင်းရတော့ ချက်ချင်းထွက်ပြီး ရှာဖွေ ကယ်ဆယ်ရေးတွေလုပ်ပေးခဲ့ပါတယ်၊ လူသေဆုံးတာမျိုးတော့ မရှိပါဘူး”လို့ တိုင်းမီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ကျီးပင်ကျေးရွာမှာ ၄၇ လုံး၊ ကုန်းပြင်ကျေးရွာမှာ ၄ လုံး၊ ထုံးပေါ်ကျေးရွာ ၆ လုံး၊ ကျောက်တလုံး ကျေးရွာမှာ ၂ လုံးနဲ့ ကမ်းနားစုကျေးရွာမှာ ၅ လုံး အမိုးလန် ပြိုကျ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
သီးခြားလွတ်လပ်တဲ့ မိုးလေဝသပညာရှင်တွေကတော့ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို မေလ ဒုတိယပတ်အတွင်း မုန်တိုင်း ဝင်ရောက်လာနိုင်တာကြောင့် သတိထားနေထိုင်ဖို့အတွက်လည်း ကြိုတင်အသိပေးထားပါတယ်။