Home
မြန်မာသတင်း
တနင်္သာရီတိုင်း၊ ပလမြို့တွင် မီးပေးသည့်စက် မီးလောင်ပြီး တမြို့လုံး လျှပ်စစ်မီးပြတ်
DVB
·
May 5, 2023
345274047_260596189748914_6813834271469266861_n

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့မှာ မေလ ၄ ရက် နေ့လယ်ပိုင်းလောက်က လျှပ်စစ်ဓာတ်အားပေးနေတဲ့ ဖိုးသီးချိုမီးလင်းရေးပိုင် မီးစက်တွေ မီးလောင်ပျက်စီးသွားပြီး တမြို့လုံး လျှပ်စစ်မီးပြတ်တောက်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပလမြို့ခံတဦးက “ပလမြို့နားမှာ တိုက်ပွဲဖြစ်နေတုန်း မီးခိုးတွေမြင်ရတယ်။ မီးလောင်တဲ့ မီးစက်တွေ အနီးနားမှာလည်း မိုင်းစတွေ တွေ့ရတယ်။ ဘယ်သူလုပ်တာလဲတော့ မသိရဘူး” လို့ ပြောပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံကလည်း “မနေ့က ကျနော်တို့ ပလမြို့ ဝင်တိုက်တဲ့အချိန်မှာ စက်ရုံဘက်ကနေ ဝင်တိုက်တာ။ စကစဘက်က ကျနော်တို့ လာတိုက်မှန်းသိတော့ လက်နက်ကြီးနဲ့ ပြန်ပစ်တယ်။ လက်နက်ကြီးက မီးစက်ရုံကိုထိပြီး မီးလောင်သွားတာပါ” လို့ ပြောပါတယ်။

ပလမြို့ရဲ့ ဖိုးသီးချိုမီးလင်းရေးရုံးအနီးနားမှာ အထွေထွေအုပ်ချုပ်ရေမှူးရုံး ရှိတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

ပုလောမြို့နယ်ထဲမှာရှိတဲ့ ပုလော၊ ပလနဲ့ ပလောက်မြို့တွေကို ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီက လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေတယ်လို့ ဆိုပါတယ်။

“အခုအချိန်ထိ မီးကမရသေးဘူး။ အဓိက လျှပ်စစ်ဓာတ်အားပေးတဲ့နေရာက မီးလောင်သွားတယ်ဆိုတော့ ပြန်ရမယ်ဆိုရင်လည်း ကြာအုံးမယ်” လို့ ပလမြို့ခံတဦးက အခုလက်ရှိ အခြေအနေကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်စာမျက်နှာတွေမှာတော့ PDF အဖွဲ့က ဆိုင်ကယ်နဲ့ရောက်လာပြီး အဝေးကနေ RPG နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024