Home
မြန်မာသတင်း
ရှမ်း-ကယားနယ်စပ်တိုက်ပွဲ၌ KNDF ရဲဘော် ၂ ဦးကျဆုံး၊ ကရင်နီစစ်ရှောင်စခန်းအနီး စစ်ကြောင်းထိုးလာသဖြင့် စစ်ဘေးရှောင်များ နေရာထပ်ပြောင်း
DVB
·
May 5, 2023
KNDF03

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နဲ့ ပင်လောင်းမြို့နယ်စပ်ရှိ တောင်စလုံးကျေးရွာ တိုက်ပွဲမှာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၁ က ရဲဘော် ၂ ဦး ကျဆုံးသွားတယ်လို့ KNDF တပ်ရင်း ၁၁ က ထုတ်ပြန်ပါတယ်။

မေလ ၃ ရက်က တောင်စလုံးကျေးရွာအတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပြီး KNDF တပ်ရင်း ၁၁ မှ အသက် ၂၀ အရွယ် ရဲဘော် စန်းမိုးကျော်နဲ့ အသက် ၁၇ နှစ်အရွယ် ရဲဘော် တင်အောင်မျိုးတို့ ကျဆုံးခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦးရဲ့ ဈာပနကို မေလ ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့တဲ့အတွက် အာဇာနည်သူရဲကောင်း တွေအဖြစ် အစဥ်အမြဲ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ KNDF တပ်ရင်း ၁၁ က ပြောပါတယ်။

ရှမ်း-ကယား နယ်စပ်မှာ ဖေဖော်ဝါရီ ၂၄ ရက်ကစပြီး ဒီနေ့အထိ ၂ လကျော်ကြာ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေပြီး တိုက်ပွဲကာလ ကြာမြင့်လာတာနဲ့အမျှ ခဲယမ်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ စက်သုံးဆီ လိုအပ်ချက်ရှိတာကြောင့် မိဘပြည်သူတွေ အားဖြည့်ကူညီ လှူဒါန်းပေးကြဖို့ KNFF တပ်ရင်း ၁၁ က မေတ္တာရပ်ခံထားပါတယ်။

ရှမ်း-ကယားနယ်စပ် ပင်လောင်-ဖယ်ခုံ မြို့နယ်တို့မှာ ဧပြီလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇၀ ကျော်သေဆုံးကာ လက်နက်ကြီး ၇ လက်၊ လက်နက်ငယ် ၅၂ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF ပြန်ကြားရေးဗဟိုက ထုတ်ပြန်ပါတယ်။

ကရင်နီ(ကယား)ပြည်နယ်ရှိ စစ်ရှောင်စခန်းတခုအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတဲ့အတွက် ဒုတိယအကြိမ် စစ်ဘေးထပ်ရှောင်နေရပြီး နေအိမ်တွေ ထပ်ဆောက်ပေးဖြစ်တယ်လို့ ရှမ်းတောင်ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)  တာဝန်ရှိသူက ပြောပါတယ်။

“ပထမစစ်ရှောင်ထားတဲ့ နေရာကနေ စစ်ကြောင်းထိုးလာလို့ ထပ်ရွှေ့ရတာ၊ စစ်ရှောင်ဦးရေက ၁၀၀ ကျော်၊ အိမ်ဆောက်ပေးဖြစ်တာက အိမ်ခြေ ၅၀ ကျော်၊ အလှူရှင်တယောက်နဲ့ ပူးပေါင်းပြီး ငွေအား လုပ်အားနဲ့ ကူညီပေးဖြစ်တယ်။”

ရေကန်တွေနဲ့ အိမ်သာကျင်းတွေလည်း တူးကူခဲ့ပြီး လိုအပ်နေတဲ့ မိုးကာတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းခဲ့​တဲ့အပြင် စစ်ရှောင်စခန်းမှာရှိတဲ့ အသက် ၉၀ ကျော်၊ ၁၀၀ ကျော်ရှိ သက်ကြီးရွယ်အို အဘိုးအဘွားတွေကိုလည်း ရဲဘော်​တွေရရှိထားတဲ့ မုန့်ဖိုးတွေနဲ့ ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ အစစအရာရာ ခက်ခဲနေကြပြီး အထူးသဖြင့် ရိက္ခာနဲ့ သောက်ရေ သုံးရေတွေ လိုအပ်နေလို့ ကူညီပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူ ၂ သိန်းခွဲကျော်ထိရှိနေပြီး စစ်ဘေးရှောင်ဦးရေ တနေ့ထက်တနေ့ များပြားလာကာ ခနခန နေရာပြောင်းရွှေ့ရတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024