မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက် စိုက်ကွက် (၅) ရာဘာခြံအတွင်းမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
သေဆုံးနေတဲ့ ရုပ်အလောင်းကို စိုက်ကွက် (၅) ရာဘာခြံအတွင်း ခြုံအောက်မှာ ပက်လက်လှန် အနေအထားနဲ့ ပြင်ပဒဏ်ရာ တစုံတရာ မတွေ့ရှိရဘဲ ပုပ်ပွနေတာကို တခြားရာဘာခြံလုပ်သားတွေက စတင်တွေ့ရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
မေလ ၃ ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်လောက်မှာ ရာဘာခြံအတွင်း ရာဘာအစေးခွက်တွေကို လိုက်လံသိမ်းဆည်းနေစဉ် အပုပ်နံ့ရရှိခဲ့ပြီး သွားရောက်ကြည့်ရှုရာမှ ပုပ်ပွနေတဲ့ လူသေအလောင်းကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သေဆုံးသူက ကျပန်းအလုပ်လုပ်ကိုင်တဲ့ ဦးဖြိုးမြင့် (၄၆ နှစ်) ဖြစ်ပြီး ကြံ့ခိုင်ရေးရပ်ကွက် သံဖြူဇရပ်မြို့နယ်မှာ နေထိုင်သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ရက်ကတည်းက နေအိမ်မှာရှိနေစဉ် အရက်အလွန်အကျွံသောက်ထားပြီး စိတ်တွေ ကယောင်ချောက်ချားဖြစ်ကာ နေအိမ်ကနေ ထွက်သွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်တဲ့သူက ပြောပါတယ်။
အဆိုပါဖြစ်စဥ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက အသေးစိတ် စုံစမ်းစစ်ဆေးနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း မွန်ပြည်နယ်မှာ စိတ်ဝေဒနာတွေကြောင့် မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေဟာ အများဆုံးဖြစ်လာနေပါတယ်။