လာမယ့် မေ ၇ ရက်ကနေ ၁၂ ရက်အတွင်း ဆိုင်ကလုန်းမုန်တိုင်းနဲ့ မုန်တိုင်းဝင်ရောက်နိုင်တဲ့ လမ်းကြောင်း ခန့်မှန်းချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။
နေ့အလိုက် မုန်တိုင်းတည်နေရာတွေကိုလည်း အသေးစိတ် ခန့်မှန်းထုတ်ပြန်ထားပြီး သင်္ချာပုံစံတွက်ချက်မှုတွေအရ ၂၀၂၃ ခုနှစ်၊ မေ ၇ ရက်ဝန်းကျင်မှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
အဆိုပါလေဖိအားနည်းရပ်ဝန်းဟာ မေ ၉ ရက်မှာတော့ မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်ပြီး မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
မေ ၁၀ ရက်မှာတော့ ပိုမိုအားကောင်းလာနိုင်ပြီး ကိုကိုးကျွန်း အနောက်တောင်ဘက်မှာ မုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ပြီးတော့ ၁၁ ရက်မှာတော့ အရှေ့မြောက်ဘက်ကို ဦးတည်လာနိုင်ကာ ၁၂ ရက်ဝန်းကျင်မှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား စစ်တကောင်းမြို့ အနီးက ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
နေ့စဉ် မြေပြင် မိုးလေဝသ အကြောင်းချင်းရာ အခြေအနေတွေအပေါ် မူတည်ပြီးတော့ အပြောင်းအလဲတွေ ရှိနိုင်တဲ့အတွက် အချိန်ပိုင်းအလိုက် ဖြစ်ပေါ်မှုတွေကို NUG အစိုးရအနေနဲ့ ထပ်မံအသိပေး ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်ပေးတဲ့ သတင်းဟာလည်း လာမယ့် ရက်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်မှုကို ကြိုတင်သိရှိနိုင်စေဖို့နဲ့ များပြားလှတဲ့ သတင်းမီဒီယာတွေက မိုးလေဝသ ခန့်မှန်းချက်တွေနဲ့ ဆန်းစစ်နှိုင်းယှဉ်ကာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် အသိပေး တင်ပြတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။