အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ အင်အားအများအပြားနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် ကောင်းကျော်ဟာ ၁ နှစ်ကျော်အကြာ မေ ၃ ရက် ဒီကနေ့မှာပဲ ပြန်လည်လွတ်မြောက်လာခဲ့ပြီလို့ သိရပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ စစ်ကောင်စီက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၂,၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တဲ့အထဲ လူရွှင်တော် ကောင်းကျော်လည်း ပါဝင်ပြီးတော့ ပြန်လည်လွတ်မြောက်လာခဲ့တာပါ။
အဆိုပါလွတ်မြောက်လာသူတွေဟာ နောက်တကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်တွေကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်တာလို့ စစ်ကောင်စီ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူရွှင်တော် ကောင်းကျော်ကိုတော့ ရန်ကုန်မြို့၊ သာကေတမြို့နယ်က သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၉ ရက်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
ဟာသ သရုပ်ဆောင် လူရွှင်တော်ကောင်းကျော်ဟာ လူရွှင်တော် ငြိမ်းချမ်း၊ ရှဲဒိုး၊ ဝိုင်းချစ်၊ ထက်ထက်တို့နဲ့အတူ ဖွဲ့စည်းထားတဲ့ ရွှေညီကိုအငြိမ့်အဖွဲ့မှာ ပါဝင်သူတဦးဖြစ်ကာ ပရိသတ်အားပေးချစ်ခင်မှု အခိုင်အမာရှိသူ အနုပညာရှင်တယောက်လည်း ဖြစ်ပါတယ်။
လူရွှင်တော် ကောင်းကျော် ဖမ်းဆီးခံရမှုဟာ စစ်ကောင်စီသတင်းပေး ဒလန်အဖြစ် နာမည်ကြီးတဲ့ ဟန်ငြိမ်းဦး အမည်ရ အကောင့် လူမှုကွန်ရက်ပေါ်ကတဆင့် မျှဝေခဲ့အပြီး ၂ ရက်အကြာမှာပဲ ဖမ်းဆီးခံခဲ့ရတာလို့ ဝေဖန်ပြောဆိုတာတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါအကောင့်မှာတော့ လူရွှင်တော် ကောင်းကျော်ဟာ တော်လှန်ရေး လူရွှင်တော် အဖွဲ့အဖြစ် နာမည်ကြီးတဲ့ ဟားငါးကောင်အဖွဲ့နဲ့ အဆက်အသွယ်ရှိကြောင်း၊ လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ဆောင်နေကြောင်း စွပ်စွဲရေးသားထားတာ တွေ့ရပါတယ်။
လူရွှင်တော် ကောင်းကျော်ကတော့ ဒါနဲ့ပတ်သက်ပြီး သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ဖြေရှင်းရေးသားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့ အနုပညာရှင်တွေ၊ နာမည်ကြီး ဆယ်လီတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ ပြည်သူတွေ ဘယ်သူ့ကိုမဆို ကြုံသလို ဖမ်းဆီးသတ်ဖြတ်မှုတွေကို တောက်လျှောက် ကျူးလွန်နေတာ ဖြစ်ပါတယ်။
စစ်အုပ်စုက နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ နောက်ကွယ်မှာ ပြန်ဖမ်းဆီးတာတွေလည်း ရှိနေတာကြောင့် ဒါက အပြည့်အဝ ယုံကြည်ရတဲ့အခြေအနေ မဟုတ်ဘူးလို့လည်း တရားလွှတ်တော်ရှေ့နေတွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ အယောက် ၁၈,၀၀၀ နီးပါး လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၈၃၉ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ပြောပါတယ်။