Home
မြန်မာသတင်း
ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦး ရွေးချယ်ပြီးစီး
DVB
·
May 3, 2023
344834367_949887702862674_3397148843129514726_n
344602020_1192430718087182_6617869715961953296_n
342706627_1583489735496996_3193189762194181169_n
342528406_649761600295989_7478773676469178853_n
342238419_794328771802338_8110953759751057397_n
342228648_785668929451452_1596001713927527162_n

ကျင်းပနေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်မှာ ထိပ်ပိုင်းခေါင်းဆောင် ၅ ဦးကို  ဒီကနေ့ ရွေးချယ်ပြီးစီးသွားပြီဖြစ်ပါတယ်။

အဆိုပါ ထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ဥက္ကဋ္ဌအဖြစ် ပဒိုကွယ်ထူးဝင်း၊ ဒု-ဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးအဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ပဒိုစောသောသီဘွဲနဲ့ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ပဒိုစောလှထွန်း တို့ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

ဗဟိုတရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုးကိုပဲ ဆက်လက်ရွေးချယ်တင်မြှောက်ထားပါတယ်။

၁၇ ကြိမ်မြောက် ရွေးကောက်ပွဲမှာ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖို့က အရွေးကောက်မခံတဲ့အတွက် အလိုအလျောက်ပြုတ်ပြီး ကျန်တဲ့ ကေအန်ယူနာမည်အသုံးပြု အလွဲသုံးစားလုပ်သူတွေကို ပြန်လည်ရွေးချယ်ခြင်း မပြုတော့ဘူးလို့ အဆိုပါ ကွန်ဂရက်တက်ရောက်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောပါတယ်။

“မူတူးဆေးဖို့က အရွေးမခံဘူး။ အရွေးမခံတော့ ပြုတ်တယ်။ ရောဂျာခင် မဲမရဘူး။ တချို့က ကေအန်ယူ နာမည်နဲ့အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာတဲ့သူတွေကို ဖယ်လိုက်တယ်။ နောက်ပြီးတော့ စကားလည်းမပြော၊ အလုပ်လုပ်လည်းမလုပ်တဲ့လူတွေကိုလည်း ဖယ်လိုက်တယ်။ အလုပ်လုပ်တဲ့ လူငယ်တွေပြန်တင်တယ်။ ဒီတခါ လူငယ်တွေ တော်တော်များတယ်။”

ဗဟိုအလုပ်အမှုဆောင် ၁၁ ဦးကိုတော့ မနက်ဖြန် ဆက်လက်ရွေးချယ်သွားမှာဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကော်မတီသစ်တွေကနေပြီး ဌာနဆိုင်ရာအသီးသီးကို ပြန်လည်ရွေးချယ်ခန့်အပ်သွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ကရင်လူထု တောင်းဆိုနေတဲ့ ထိပ်ပိုင်ခေါင်းဆောင်တချို့အား အရေးယူဖို့ကိစ္စကိုလည်း ကော်မတီဖွဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“အဲဒါက စုံစမ်းရေးကော်မတီဖွဲ့မယ်။ စုံစမ်းရေးကော်မတီကနေ အကြောင်းပြန်တဲ့အပေါ်မှာ စည်းကမ်းထိန်းသိမ်းရေးက အရေးယူရမယ်။ အဲဒီစုံစမ်းရေးကော်မတီကို အခုနောက်ပိုင်းမှ ဖွဲ့မှာဖြစ်တယ်။ ပြီးမှ တခုပြီးတခုဆက်လုပ်ဆောင်သွားမှာဖြစ်တယ်” ကွန်ဂရက်တက်ရောက်တဲ့ ထိပ်ပိုင်းခေါင်းဆောင်က ပြောပါတယ်။

ကေအန်ယူရဲ့ စစ်ဦးစီးချုပ်ကို‌တော့ ဗိုလ်ချုပ်စောဂျော်နီနဲ့ ဒု-စစ်ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကပဲ ဆက်လက်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှာ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးနဲ့ သာသနာရေးဌာန၊ တရားရေးဌာန၊ သစ်တောဌာန အပါအဝင် ဌာနကြီး ၁၄ ခုနဲ့ ဖွဲ့စည်းထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) လက်အောက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024