ဟောင်ကောင်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း လုပ်ကိုင်ဖို့ မြန်မာနိုင်ငံက ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက လုပ်သားတွေ ခေါ်ယူနေတဲ့ ကြော်ငြာတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီးနောက် ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက အသိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသမှာ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး လုပ်ငန်းအတွက် ပြည်ပနိုင်ငံတွေက အလုပ်သမားခေါ်ယူဖို့ ရှိနေပေမဲ့ မြန်မာနိုင်ငံနဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရတို့အကြား အလုပ်သမား ခေါ်ယူခန့်ထားရေး သဘောတူညီချက် တစုံတရာ လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း သတိပေးထားပါတယ်။
ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီးတဦးက “အေးဂျင့်တခုနဲ့တော့ ဆက်သွယ်ဖူးတယ်၊ အပြီးအစီး ၁၈ သိန်းကုန်မယ် ပြောတယ်။ လစာအနေနဲ့က ၂၇ သိန်းလောက်ရမယ်လို့ ပြောတယ်။ အေဂျင်စီဘက်က သူနာပြုမဟုတ်ဘဲ အပြင်လူတွေပါ အကုန်ခေါ်နေတာ၊ ခေါ်တဲ့အရေအတွက်ကလည်း ၆၀၀ ဆိုတော့ လိမ်တာတော့ သေချာတယ်။ စုံစမ်းကြည့်တော့ ရှေ့မှာသွားတဲ့သူမရှိဘူး။ အဲ့ဒါကြောင့် ထပ်မဆက်သွယ်ဖြစ်တော့ဘူး” လို့ ပြောပါတယ်။
နှစ်နိုင်ငံ အလုပ်သမားခေါ်ယူခန့်ထားရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားခြင်း မရှိတဲ့အတွက် ဟောင်ကောင်နိုင်ငံကို လာရောက်ပြီး ကာလရှည် အလုပ်လုပ်ကိုင်မယ့် မြန်မာပြည်သူတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့ ဟောင်ကောင်မြို့ မြန်မာကောင်စစ်ဝန်ရုံးက သတိပေး ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုတွေကြောင့် စီးပွားရေးပျက်ကပ် ကြုံတွေ့နေရပြီး အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေကို နယ်စပ်ဒေသတွေကနေ တရားမဝင် ထွက်ခွာနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေလည်း နေ့စဉ် ဖမ်းဆီးခံနေရတာတွေလည်း ရှိနေပါတယ်။